သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့တော်ခန်းမအနီး ဗုံးတွေ့


ရန်ကုန်မြို့တော်ခန်းမအနီး ဗုံးတွေ့
ရန်ကုန်မြို့တော်ခန်းမအနီး ဗုံးတွေ့

ရန်ကုန်မြို့တော်ခန်းမ အနောက်နားက ဟိုတယ်တခု အနားမှာ ပေါက်ကွဲစေတတ်တဲ့ဗုံး တွေ့တဲ့အတွက် လုံခြုံရေး အခြေအနေအရ ဆိုပြီး အဲဒီနားဝန်းကျင် တဝိုက်ကို ညနေပိုင်းက ခေတ္တပိတ်ထားပါတယ်။ နောက်ဆုံးအခြေအနေ ဘယ်လိုရှိလဲဆိုတာ စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့တော်ခန်းမ အနောက်ဘက်မှာရှိတဲ့ စီးတီးစတားဟိုတယ် အောက်ထပ်မှာ ဖွင့်ထားတဲ့ အင်တာနက်ဆိုင် အနီးမှာ ဗုံးတွေ့ခဲ့တာပါ။ ပေါက်ကွဲတဲ့အဆင့်ထိ မဖြစ်ခဲ့ပေမဲ့ လုံခြုံရေးအရ ဆိုပြီး အဲဒီနားဝန်းကျင်ကို ရဲတွေက ခေတ္တပိတ်ထားခဲ့တယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

“၅ နာရီ ၁၅ လောက်မှာ မြို့တော်ခန်းမနောက်က စီးတီးစတားဟိုတယ်ရဲ့ အောက်က အင်တာနက်ဆိုင် ဘေးနားမှာရှိတဲ့ တာယာပုံထဲက တွေ့တယ်ဆိုပြီး ပြောတယ်။ အဲဒီအချိန်တုန်းကတော့ အဲဒီနားမှာ လုံခြုံရေးတွေ ရှုပ်ရှုပ်ထွေးထွေး တွေ့နေရတယ်။ အဲဒီနား ပတ်လည်မှာ ရှိနေတဲ့ ရဲတွေရော၊ အရပ်ဝတ်တွေနဲ့ရော အလုပ် ရှုပ်ရှက်ခတ်နေတာပဲ။ အဲဒီနေရာမှာ သာမန်လူတွေလည်း တယောက်မှ မရှိကြတော့ဘူး၊ ဝင်လို့လည်း မရတော့ဘူး၊ အဲဒီလိုတွေ စတွေ့ရတယ်ခင်ဗျ။”

ဒီလိုအခြေအနေတွေကြောင့် ဘားလမ်း အနီးဝန်းကျင်မှာရှိတဲ့ ဈေးဆိုင်တချို့လည်း ခပ်စောစော ပိတ်သွားတာ ရှိသလို လူအသွားအလာလည်း ကျဲသွားတယ်လို့ ပြောပါတယ်။ နောက်တခါ မြို့တော်ခန်းမ ပတ်လည်မှာ ဆိုရင်လည်း လုံခြုံရေး ကင်မရာတွေ တပ်ထားတဲ့ကြားက အခုလို ဗုံးတွေ့တာလို့ ပြောပါတယ်။

“အဲဒီနေရာကတော့ လူစည်ကားရာ နေရာလို့ ပြောလို့ရတယ်။ များသောအားဖြင့်ကတော့ ဝန်ထမ်းအများစု ရှိနေတဲ့ နေရာပဲ။ မြို့တော်ခန်းမ အပေါ်မှာက အမြဲတမ်း CCTV ကင်မရာတွေ တပ်ထားတယ်လေ။ အမြဲတမ်း သူတို့လူတွေချည်းပဲ ရှိနေတဲ့၊ အာဏာပိုင် အဖွဲ့အစည်းက လူတွေချည်းပဲ ရှိနေတဲ့နေရာ ဖြစ်တယ်ဗျာ။ အဲဒီအတွက်တော့ စဉ်းစားစရာ ဖြစ်နေတာပေါ့။ လူတွေအားလုံးက အဲဒီအသံ ကြားတာနဲ့ အိမ်ကို စောစောစီးစီး ပြန်နေကြတယ်လို့ သိရတယ်။”

မြင်ကွင်းကို ကိုယ်တိုင်တွေ့ခဲ့တဲ့ ရန်ကုန်မြို့ခံတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ မြို့တော်ခန်းမနဲ့ ဘားလမ်းဆိုတာဟာ လူအင်မတန်ကို စည်ကားတဲ့ နေရာတွေ ဖြစ်ပါတယ်။ တခါ ရန်ကုန်တိုင်း တရားရုံးချုပ် အနားမှာလည်း ဖြစ်နေပြန်တော့ တရားရုံး လာကြသူတွေလည်း များသလို လိုင်းကားပေါင်းစုံဂိတ် ရှိတဲ့နေရာလည်း ဖြစ်နေပါတယ်။

XS
SM
MD
LG