သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်အလယ်ပိုင်းနေရာတချို့မှာ ဗုံးခွဲတိုက်ခိုက်မှုတွေဆက်ပြီး ဖြစ်နေ


မင်းကင် PDF တပ်ဖွဲ့ဝင်များ (Photo- Citizen Journalist)
မင်းကင် PDF တပ်ဖွဲ့ဝင်များ (Photo- Citizen Journalist)

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့မှာ စစ်ကောင်စီနဲ့နီးစပ်သူ အသတ်ခံရသလို စစ်ကောင်စီ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့ တည်ပင်ရွာအနီးမှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နဲ့သားဖြစ်သူတို့ အသတ်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်တွေ ရောက်ရှိနေတဲ့အတွက် ကျေးရွာသားတွေ စိုးရိမ် နေပါတယ်။

ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။

မနေ့ သြဂုတ်လ (၁၆)ရက်မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း တန့်ဆည်မြို့ မေတ္တာမြိုင် ရပ်ကွက်မှာ ဖွင့်ထားတဲ့ ဇီဝက ဆေးဆိုင်က ပိုင်ရှင်ဖြစ်သူကို ဆေးလာဝယ်သူတွေက ပစ်ခတ်သွားတဲ့အတွက် သေဆုံးသွားပါတယ်။ တဆက်တည်းမှာပဲ တန့်ဆည်မြို့နဲ့ ၅ မိုင်ဝေးတဲ့ ဒေါင့်ကြီးရွာအနီးမှာ စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတာပါ။ ဒီအခြေအနေနဲ့ ပတ်သက်လို့ တန့်ဆည်မြို့ခံတဦးက အခုလိုပြောပါတယ်။

“ဒေါင့်ကြီးရွာမှာ စစချင်းပေါက်ကွဲတာ ပေါက်ကွဲတဲ့အချိန်မှာ ရဲကား ၃ စီးပေါက်တယ်။ ရဲကား သွားတဲ့အချိန်မှာ ၃ လုံး ထပ်ပေါက်ကွဲတယ်။ အဲ့လို ပေါက်ကွဲမှုဖြစ်ပြီးတော့ ရဲတွေသွားတဲ့အချိန်မှာ မြို့ထဲက လမ်းဆုံမှာ ဒလံ အသတ်ခံရတာပါ။ ကျွန်တော်တို့ ကြားတာတော့ ၁ ယောက်ပဲ ဆေးဆိုင်က ဒလံတဲ့”

အခုလို ဒေါင့်ကြီးရွာက ဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့က တုန့်ပြန်ရာမှာ- အသက် (၄၃)နှစ်အရွယ် တောင်သူ ဦးမင်းခိုင်နေအိမ်ကို အကြမ်းဖက်အဖွဲ့က လက်လုပ်မိုင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနဲ့ ဦးမင်းခိုင်နဲ့ မိသားစုဝင်သုံးဦးကို တန့်ဆည်မြို့ကို ခေါ်ဆောင်လာစဉ် လမ်းမှာ အကြမ်းဖက်တွေ ထောင်ထားတဲ့ လက်လုပ်ရီမုမိုင်း ၄ လုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တဦး ဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ လူသေဆုံးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီက အတည်ပြုပြောကြားခဲ့ခြင်း မရှိပါဘူး။

တဆက်တည်းမှာပဲ သြဂုတ် ၁၅ ရက်က စစ်ကိုင်းတိုင်း မင်းကင်းမြို့အပိုင်ထဲက ကျောက်ခဲတက် တုံ တုံပါ စတဲ့ကျေးရွာတွေမှာ စစ်ကောင်စီက သင်တန်းပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ သေနတ်တွေ ပစ်ဖောက်ခဲ့တဲ့အတွက် ကြောက်လန့်ပြီး အသက် ၉၀ အရွယ် အမျိုးသမီးတဦး သေဆုံးသွားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ မင်းကင်းမြို့ခံ တဦးက-

“မနေ့တုန်းက ညနေပိုင်းလောက်က ပန်းဆက်ဘက်မှာ တုန်တို့ တုန်ပါတို့ဘက်ကို ပန်းဆက်က ပျူစောထီး အဖွဲ့ပေါ့ ၁၃ ယောက် ဆိုင်ကယ် ၁၃ စီးနဲ့ အဲ့ဘက်တွေ သွားပြီး မွှေကြတယ်။ ကျောက်ခဲတက်မှာ ဆိုရင်လည်း ပျူစောထီးအဖွဲ့က သေနတ်တွေဘာတွေ ဖောက်တဲ့အခါကျတော့ အသက် ၉၀ ကျော်အရွယ် အမျိုးသမီး အဖွားတဦး ထိတ်လန့်ပြီး သေဆုံးသွားတယ်။ သေနတ်သံကြောင့်ပေါ့။ နောက်တခုက ကျောက်ခဲတက်မှာ ရှိတဲ့ အမျိုးသား ကျန်းမာရေးမှူး ဆရာမကြီးရဲ့အိမ်မှာ ရှိတဲ့ ဆေးဝါးတွေကို ထော်လာဂျီနဲ့ တိုက်ပြီးတော့ ယူသွားကြတယ်။”

ဒါက စစ်ကိုင်းတိုင်းရဲ့ အခြေအနေပါ။ မန္တလေးတိုင်း မြင်းခြံမြို့ တည်ပင်ရွာအနီးမှာလည်း ဒီကနေ့ သြဂုတ် ၁၆ မနက်ပိုင်းမှာပဲ စစ်ကောင်စီက ခန့်ထားတဲ့ မီးပေါက်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ အသတ်ခံခဲ့ရပါသေးတယ်။ လက်ရှိအချိန်မှာတော့ ကျေးရွာသားတွေက စိုးရိမ်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေတာတွေရှိနေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မီးပေါက်ကျေးရွာသားတဦးက

“သူတို့ စစ်ကောင်စီက တင်တဲ့ ဥက္ကဌရယ် အဲ့ဥက္ကဌရဲ့ သူရဲ့သားရယ် အသတ်ခံရတာပါ။ အသတ်ခံရတာက တည်ပင်နဲ့ တောင်ပုံနဲ့ကြားပေါ့ဗျာ။ အခုပြောမယ်ဆို စစ်သား ၅၀ လောက် နာရေး ကူညီမှုအသင်းကားတွေနဲ့ ရောက်နေတယ်။ ကျွန်တော်တို့ဒီရွာတွေ မီးပေါက်တို့ ဘာတို့ကို စစ်သားတွေဘာတွေ ဝင်တာထွက်တာ မရှိသေးဘူး။ ဝင်ရောက်ရှာဖွေတာတွေ လောလောဆယ်တော့မရှိသေးဘူး။ ဝင်ရောက်ရှာဖွေမယ်လို့ သတင်းတော့ရတယ်။ ရွာသားတွေကတော့ ရွာနားတွေ တိမ်းရှောင်တာတွေတော့ ရှိတာပေါ့။”

မြင်းခြံမြို့အနီးက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက မကြာခဏ ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်လေ့ရှိပြီး စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေအပြင် စစ်ကောင်စီနဲ့ နီးစပ်သူတွေ မကြာခဏ သတ်ခံရတာတွေရှိနေသလို လုံခြုံရေးလည်း တင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

---------------------------------------------



XS
SM
MD
LG