သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bon Jovi ဂီတပွဲ တရုတ်အစိုးရပယ်ဖျက်


နာမည်ကျော် ဂီတပညာရှင် Bon Jovi
နာမည်ကျော် ဂီတပညာရှင် Bon Jovi

နာမည်ကျော် ဂီတပညာရှင် Bon Jovi ရဲ့ တရုတ်နိုင်ငံ ပထမဆုံး ဖျော်ဖြေပွဲအစီအစဉ်ကို တရုတ်အစိုးရက ပယ်ဖျက်လိုက်ပါ တယ်။ Bon Jovi ဟာ အရင်က တိဘက်ဘုန်းတော်ကြီး ဒလိုင်း လားမားကို ထောက်ခံခဲ့ဖူးတယ်ဆိုပြီး တာဝန်ရှိသူတွေက မြင်တာ ကြောင့်ဖြစ်မယ်လို့ သတင်းမီဒီယာတချို့ ပြောကြပါတယ်။

ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့တွေမှာ နောက်သီတင်းပတ်ကျရင် လုပ်ဖို့စီစဉ်ထားတဲ့ Bon Jovi ဂီတပွဲကို အကြောင်းအချက်တချို့ကြောင့် ပယ်ဖျက်လိုက်တယ်လို့ ပွဲကိုစီစဉ်သူ AEG ကုမ္ပဏီက Weibo တရုတ်လူမှုကွန်ယက်မီဒီယာမှာ တင်ထားတဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

၂၀၁၀ ပြည့်နှစ် တိုင်ဝမ် ဂီတပွဲတုန်းက ဒလိုင်း လားမားကို နောက်ခံဗွီဒီယိုတခုမှာ Bon Jovi က ထည့်သွင်းခဲ့တယ်ဆိုတာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သိသွားပြီးတဲ့နောက် အခုလို ပွဲကို ပယ်ဖျက်လိုက်တာလို့ Financial Times သတင်း စာက အင်္ဂါနေ့မှာ ဖော်ပြပါတယ်။

ဒီပွဲကို အစိုးရတာဝန်ရှိသူတွေက ပယ်ဖျက်လိုက်တယ်ဆိုတာ BBC သတင်းဌာနကလည်း အတည်ပြု ဖော်ပြပါတယ်။

တိဘက်ဘုန်းတော်ကြီး ဒလိုင်း လားမားကို အန္တရာယ်ရှိတဲ့ သီးခြားခွဲထွက်ရေး ဝါဒီအဖြစ် တရုတ်အစိုးရက သတ်မှတ်ထားပါ တယ်။ ဘုန်းတော်ကြီး ဒလိုင်း လားမားကို ထောက်ခံကြောင်းပြတဲ့ အနောက်နိုင်ငံတွေက အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲတွေကို ပွဲလုပ်ဖို့ စီစဉ်ထားတဲ့အချိန်နီးမှ ကပ်ပြီး ဖျက်ပစ်တာတွေ မကြာခဏဆိုသလို လုပ်ခဲ့ဖူးပါတယ်။

XS
SM
MD
LG