သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေလွှမ်းမိုးမှု နယ်စပ်ကုန်သွယ်ရေးထိခိုက်


နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံးကြုံခဲ့ရတဲ့ ရေကြီးမှုကြောင့် ထိုင်း-မြန်မာနယ် စပ် နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အများကြီး ထိခိုက်နစ်နာမှုတွေ ဖြစ်ခဲ့တယ်လို့ နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မဲဆောက်နဲ့ မြဝတီမြို့တွေက ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ထားရ သလို၊ မြဝတီမြို့မှာ သိုလှောင်ထား တဲ့ ပစ္စည်းတွေလည်း ရေမြုပ်ကုန်တဲ့အတွက် ကုန်သည်တွေ အတော်လေး ထိခိုက် နစ်နာမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေလည်း ကြုံလာနိုင်တာမို့ ဒေသခံတွေ စိုးရိမ်နေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အရေးပါလှတဲ့ မဲဆောက်-မြဝတီ မြို့တွေမှာ အခုရက်ပိုင်း အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး - နှစ်နိုင်ငံနယ်စပ် ကြားက သောင်ရင်းမြစ် ရေကြီး/ရေလျှံတာကြောင့် ထိုင်းဘက်ကနေ မြန်မာနိုင် ငံထဲကို တင်သွင်းတဲ့ ကုန်ပစ္စည်းတွေရော၊ မြန်မာနိုင်ငံကနေ ထိုင်းဘက်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေပါ အကုန်လုံး ရပ်ဆိုင်းသွားတယ်လို့ မြဝတီမြို့ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိန် က ဗွီအိုအေ ကို ပြောပြပါတယ်။ ဒါ့အပြင် မြဝတီ-ကော့ကရိတ်လမ်းမှာလည်း မိုးကြီးပြီး မြေပြိုမှုတွေဖြစ်နေတာကြောင့် ယာဉ်တန်းသွားလာခွင့်ပါ ပိတ်ထားခဲ့ရတယ် လို့ အခုလို ပြောပါတယ်။

“အခု လောလောဆယ်လေ ရေစကြီးတဲ့ ၂၈ ရက်နေ့ကနေ စကြီးတာပေါ့နော်။ ၂၉ ရက်နေ့ကျတော့ သွားလို့လာလို့ လမ်းတွေ ပိတ်ကုန်ပြီ။ တောင်တွေလည်း ပြိုတော့လေ။ ကားအသွားအလာကတော့ မရှိတော့ဘူးခင်ဗျ။ ဇုံမှာဆိုရင် ဘယ်လိုပြောရမလဲ ကုန်သွယ်မှု လုံး၀ ရပ်သွားပြီ။ မြို့ထဲနဲ့လည်း ကျနော်က သွားလို့မရဘူး။ ပြတ်နေတယ်။ ဥပမာ ကျနော်တို့ ကော့ကရိတ်နဲ့လည်း လမ်းမှာ တောင်ပြိုတဲ့နေရာတွေ တော်တော်များတယ်ပြောတယ်။ ပထမ ၄ နေရာလောက် ပြိုတယ်။ ဒုတိယ ၇ နေရာလောက် ပြိုတယ်။ လမ်းက တော်တော်ကို သွားဖို့ ခက်နေတယ်။ ကားလမ်းပိတ်တာ အခုဆိုရင် ဒီနေ့ ၃၁ ရက်ဆိုတော့ ၃ ရက်လောက် ရှိသွားပြီပေါ့။ မြို့ထဲမှာဆိုရင် လမ်းကြောင်းတွေက ရေစီးကြောင်းတွေဖြစ်နေတာ။ မြစ်ကြောင်းကလေ မြဝတီဘက်ကနေ စီးနေတာ။ ရေစီး တော်တော်လေး ပြင်းတယ်။ တနေရာနဲ့တနေရာ ကူးသန်းသွားလာရေး အတော်လေး ခက်တယ်။ မနက်က ကျနော်တို့ သွားကြည့်တဲ့အထိ မကျသေးဘူး။ ကျနော်တို့ လက်ရှိ ဒီ ကုန်သွယ်ရေးဇုံ နေရာကတော့ ရေမတက်ပါဘူး။ မြင့်တယ်။ တောင်ခြေပိုင်းကို။”

လတ်တလောအနေအထားမှာ ဆုံးရှုံးမှု ပမာဏကို အတိအကျ မပြောဆိုနိုင်သေးဘူးလို့လည်း မြဝတီမြို့ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိန် က ပြောပါတယ်။

ထိုင်းနိုင်ငံကလာတဲ့ သတင်းတွေမှာ တော့ - ဒီရေကြီးမှုကြောင့် ထိုင်းနိုင်ငံအနေနဲ့ ဘတ်ငွေ သန်း ထောင်နဲ့ချီ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်ကုန်သွယ်ရေးကနေ တရက်ကို ဘတ် သန်း ၃၀၀ ဝင်ငွေရနေတာဖြစ်ပြီး ဒီရေကြီးမှုက ထိုင်းစီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်လို့ ပြောဆိုထားပါတယ်။

မြဝတီမြို့က မြန်မာကုန်သည်တဦးကတော့ ထိုင်းနိုင်ငံကို တင်ပို့မယ့် သူတို့ကုန်ပစ္စည်းတွေ ရေမြုပ်ကုန်တဲ့အတွက် ထိုင်းဘက်ကို မတင်ပို့နိုင်တော့ဘဲ ဖြစ်နေရပါတယ်။ ပြည်တွင်းထဲ ပြန်သယ်ပို့ကလည်း မြေပြိုပြီး ကုန်သွယ်ရေးလမ်း ကြောင်း ပိတ်နေတာကြောင့် အခက်တွေ့နေရတာပါ။

“ထိုင်းဘက်က ဝင်တဲ့ကုန်တွေလည်း အခုလောလောဆယ် ရပ်ထားတယ်။ ၃ ရက်ရှိပြီပေ့ါ။ အဲ့လိုဖြစ်နေတာ။ အဆင်းကုန် ဝယ်ထားတဲ့သူတွေလည်း အောက်ကို မဆင်းနိုင်တော့ဘူး။ ဟိုဘက်ကလည်း မပို့နိုင်ဘူးဖြစ်နေတာပေ့ါလေ။ ဂျူတီမဆောင်ခင် ချထားတဲ့ ကုန်တွေလည်း ရေမြုပ်ကုန်တာပေါ့။ ကျနော်တို့ဆို နှမ်းပေါ့နော်။ ဂိုဒေါင်ကနေပြီးတော့ ပို့ဖို့ အစီအစဉ်လုပ်နေတုန်း လှေပေါ်တင်လို့မရဘူး။ ဟိုဘက်ကလည်း တင်လို့မရဘူး။ ဒီဘက်ကလည်း တင်လို့မရ အဲ့ဒီလိုတွေ ဖြစ်ကုန်တာ။ မိုးက ဆက်တိုက်ကို ရွာသွားတာ။ အခု အားလုံး ပျက်စီးကုန်ပြီ။ ရေစိုတာပဲ ကျနော်တို့ အိတ် အားလုံး ၁၄၀၀ လောက်ရှိတယ်။ ကား ၄ စီးစာပေ့ါနော်။ အခု ကျနော်တို့ ပြန်ဆင်းရင်တောင် ရေစိုတဲ့ဟာတွေ ပြန် သယ်သွားရမယ့်ပုံမှာရှိတယ်။ ဟိုဘက်ကို မပို့နိုင်တော့ဘူး။ အဲ့လိုတွေ ဖြစ်ကုန်ပြီ။ ကျနော်တို့ကတော့ ရေစိုသွားတဲ့အတွက် အမြန်ဆုံးကို ရန်ကုန်ကို ပြန်ပို့ချင်ပါတယ်။ ဒါပေမဲ့ ကားတန်းကလည်း ကျနော်တို့ စုံစမ်းလိုက်တော့ တောင်ပြိုထားတာ သုံး၊ လေး နေရာလောက် ဖြစ်နေတယ်တဲ့။ မိုးတိတ်မှ ပြန်ပြင်နိုင်မယ်ဆိုတော့ ကျနော်တို့ နှမ်းတွေက အညှောင့်ထွက်သွားရင် ဆုံးရှုံးပြီသာ မှတ်ပေတော့။”

မြစ်ကမ်းနဖူးဘေးက ကုန်လှောင်ရုံအားလုံးကတော့ ရေမြုပ်ကုန်တယ်လို့ ကုန်သည်တချို့က ပြောပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းတွေ ရေမမြုပ်ပေမဲ့ - မြေပြိုမှုကြောင့် ကုန်သွယ်ရေးလမ်းကြောင်း အချိန်အကန့်အသတ်မရှိ ကြန့်ကြာမှာကို စိုးရိမ်တဲ့ ကုန်သည်တချို့လည်း ရှိပါတယ်။

“ကျနော်တို့က ကုန်သွယ်ရေးဇုံမှာထားတယ်။ ပစ္စည်းတွေက။ ကုန်သွယ်ရေးဇုံကျတော့ ရေမရောက်ဘူးခင်ဗျ။ မြုပ်တာက မြဝတီမြို့ထဲပဲဆိုတော့လေ။ မြစ်ကမ်းဘေးကတော့ တချို့ကုန်တွေ ရေစိုမယ်အမ။ ရေစိုတော့ စရိတ်တွေက တက်တာပေ့ါ။ ပစ္စည်းတွေကတော့ ကားလမ်းက သွားလို့မရတော့ဘူး။ တောင်ပေါ်လမ်းကျတော့ လမ်းနည်းနည်းကျဉ်း တယ်လေ။ နောက်ပြီးတော့ မိုးရွာထားတာတော့ တောင်ပေါ်လမ်း မြေပြိုတာတွေ ဘာတွေရှိတယ်လေ။ ကားတွေ ရပ်ထားရတယ်။ အတက်အဆင်း သွားလို့မရဘူး။ စိုးရိမ်ရတာပေါ့။ အောက်မှာကျတော့ နည်းနည်းတော့ ပစ္စည်း ရောက်တာ ပြတ်တာတို့ ဘာတို့ ရှိမှာပေါ့။”

ဒီလို နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး ကြုံတွေ့ရတဲ့ ရေကြီးမှုဒဏ်ကြောင့် - နှစ်နိုင်ငံကုန်သွယ်ရေးမှာ ထိခိုက်နစ်နာ မှုတွေ ဖြစ်ရသလို၊ နောက်ဆက်တွဲ အနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်လာမှာကိုလည်း ဒေသခံပြည်သူတွေက စိုးရိမ်နေကြတာပါ။ မြဝတီမြို့မှာဆိုရင် ဈေးဆိုင်ခန်းတွေ ရေမြုပ်ကုန်တာရှိသလို၊ ရေမမြုပ်တဲ့ တချို့ဈေးဆိုင်တွေမှာလည်း စားသောက် ကုန်ပစ္စည်းတွေ ပြတ်လတ် လာတာကြောင့် ရေပြန်ကျသွားတဲ့တိုင်အောင် ဒေသခံတွေအနေနဲ့ အဲ့ဒီရဲ့ အကျိုးဆက်ကို ခံစားနေရဦးမှာဖြစ်ပါတယ်။
XS
SM
MD
LG