သုံးရလွယ်ကူစေသည့် Link များ

Boris Johnson ကို နိုင်ငံခြားရေးဝန်ကြီး ခန့်တဲ့ကိစ္စ ဝေဖန်သူ များပြား


နိုင်ငံခြားရေးဝန်ကြီးသစ် Boris Johnson။

ဗြိတိန်နိုင်ငံမှာ ၀န်ကြီးချုပ် Theresa May အသစ် ဖွဲ့စည်းလိုက်တဲ့ ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ ဟာ သူတို့နိုင်ငံ ဥရောပသမဂ္ဂက နှုတ်ထွက်မဲ့ ကိစ္စကို ဆွေးနွေးဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဥရောပသမဂ္ဂက နှုတ်ထွက်ရေးကို ဦးဆောင်လှုံ့ဆော်ခဲ့သူ Boris Johnson ကို ဒီအချိန်မှာ နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်လိုက်တာဟာ လူအများအံ့အားသင့်စရာ ဖြစ်သွားခဲ့ပါတယ်။ စိတ်ဆိုးဒေါသထွက်မှုအပါအ၀င် တုံ့ပြန်ပြောဆိုမှုအမျိုးမျိုးရှိနေပါတယ်။ VOA သတင်းထောက် Henry Ridgwell London ကပေးပို့ထားတဲ့ ဦးကျော်ဇံသာက ပြောပြထားပါတယ်။

ဥရောပသမဂ္ဂဟာ “အင်အားကြီးနိုင်ငံတော်တခုဖြစ်အောင်ကြိုးစား နေတာဟာ Adolf Hitler ရဲ့လုပ်ရပ်အတိုင်းပဲ လို့ ဗြိတိန်ခွဲထွက်ရေး မဲဆွယ်စဉ် မေလတုံးက Boris Johnson ပြောခဲ့တဲ့အတွက် ဥရောပနိုင်ငံတွေ ဒေါသဖြစ်ခဲ့ကြပါတယ်။ အခု သူနိုင်ငံခြားရေး ၀န်ကြီး ဖြစ်လာတယ်ဆိုတဲ့ သတင်းကိုကြား ရတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault က အခုလိုတုံ့ပြန်လိုက်ပါတယ်။

"မဲဆွယ်တုံးက သူဟာ သူ့ပြည်သူတွေကို လိမ်ညာခဲ့တာတွေ အများကြီးပါ။ အခုတော့သူဟာ ဘေးကျပ်နံကျပ်ဖြစ်နေပါပြီ၊ သူ့နိုင်ငံဆီက ရောက် လာမယ့် ပြဿနာတွေ ကို ကာကွယ်ရတော့မှာဖြစ်ပါတယ်။"

Boris Johnson ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ပထမဦးဆုံးသွားရောက်မယ့် ခရီးကတော့ လာမယ့် တနင်္လာနေ့ကျရင် Brussel မြို့ကို သွားပြီး ဥရောပသမဂ္ဂ ၀န်ကြီးများ အစည်းအဝေး တက်ရောက်ရမှာဖြစ်ပါတယ်။ ဒါဟာ သူ့အတွက် မလွယ်တဲ့ခရီး ဖြစ်မယ်လို့ ဥရောပပြုပြင်ပြောင်းလဲရေးဌာန က Ian Bond က ဆိုပါတယ်။

"မကြာသေးခင်လတွေအတွင်း သူစော်ကားခဲ့တဲ့ နိုင်ငံတွေ၊ နိုင်ငံခေါင်းဆောင်တွေက မနည်းဘူးဆိုတော့ ဒီအစည်းအဝေးမှာတော့ အတော်ပြဿနာ တက်မယ်ထင်ပါတယ်။"

အခု ဥရောပသမဂ္ဂက နှုတ်ထွက်တဲ့အခါ ဗြိတိန်အနေနဲ့ သူတို့ဘက်က ရပ်တည်ပေးဖို့ အဓိက သူတို့လိုချင်တဲ့နိုင်ငံက ဂျာမနီနိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Frank-Walter Steinmeier က Boris Johnsonရဲ့ လုပ်ရပ်တွေက ခံပြင်းစရာကောင်းလှတယ်လို့ အခုလိုဆိုပါတယ်။

"တာဝန်မဲ့ ပြောဆိုတဲ့ နိုင်ငံရေးသမားတွေ EU ခွဲထွက် ဖို့ ဆိုပြီး လက်လွတ်စပယ် ပြောခဲ့ကြတယ်။ ခွဲထွက်ဖို့ ဆုံးဖြတ်ပြီး တဲ့အခါကျတော့ ပြောခဲ့တာတွေကို လုံးဝမေ့ပစ်လိုက်တယ်၊ တာဝန်မယူတော့ဘူး။"

အမေရိကန်သမ္မတ အိုဘားမား ဗြိတိန် ဥရောပသမဂ္ဂက ခွဲထွက်မယ့်ကိစ္စကို ကန့်ကွက်ပြောဆိုတဲ့အတွက်လည်း Boris Johnson က အိုဘားမားဟာ ကင်ညာ လူမျိုးသွေး တဝက်ပါတဲ့အတွက်ကြောင့် ဗြိတိသျှအင်ပါယာကို သူတို့မျိုးရိုးစဉ်ဆက် က မနှစ်သက်ဖြစ်လာခဲ့တာလို့ ဆိုခဲ့ပါတယ်။

ဒီအတွက် သတင်းထောက်တယောက်က ခင်ဗျား ပထမဆုံးတောင်းပန်ရမယ့်သူတွေ အတော်များနေတယ်နော်လို့ မေးလိုက်ပါတယ်။ ဥပမာ သမ္မတ အိုဘားမားပေါ့လို့ ဆိုတော့- Boris Johnson က အခုလိုပဲ တုန့်ပြန်ခဲ့ပါတယ်။

"ကျနော်ပြောခဲ့သလိုပါပဲ အမေရိကန်ပြည်ထောင်စုဟာ တန်းစီထားတဲ့ အထဲ ရှေ့ဆုံးကပါ။ ကျေးဇူးတင်ပါတယ်။"

ဥရောပသမဂ္ဂနဲ့ အပေးအယူလုပ် ညှိနှိုင်းရမယ့် အခါမှာတော့ Boris Johnson ရဲ့ အခန်းကဏ္ဍဟာ အကန့်အသတ်နဲ့ပဲ ရှိပါလိမ့်မယ်။ ဒီကိစ္စအတွက် ဌာနသစ်တခုကို ဖန်တီးပြီး ဥရောပ ပေါင်းစည်းရေး အပေါ် သံသယရှိသူ ဝါရင့်ပါလီမန်အမတ်တဦးဖြစ်တဲ့ David Davis ကို ဝန်ကြီးချုပ်Theresa May က တာဝန်ပေးထားပြီးဖြစ်ပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ်သစ်ရဲ့ နိုင်ငံရေးစည်းရုံးသင့်မြတ်မှု ဟာ သိပ်သက်ဆိုးရှည်မယ် မထင်ဘူးလို့ Ian Bond က သုံးသပ်ပါတယ်။

"၀န်ကြီးချုပ်အနေနဲ့ ခွဲထွက်ဖို့မဲပေးခဲ့သူတွေ ကျေနပ်အောင် EU ရဲ့ စည်းမျည်းစည်းကမ်းတွေကို လိုက်နာမှာမဟုတ်ဘူး၊ ဘတ်ဂျတ် ထည့်ဝင်မှာမဟုတ်ဘူး၊ ပိုအရေးကြီးတာက လုပ်သားပြောင်းရွှေ့မှုကို ကန့်သတ်မယ် စသဖြင့်ပြောရပါလိမ့်မယ်။ ဒီအတွက် သူနဲ့ David Davis တို့ အခုအားယူနေကြတယ်ထင်ပါတယ်။ ဒါပေမဲ့ ဒီအတွက် စီးပွါးရေးဘက်မှာ ထိခိုက်နိုင်ပါတယ်။ EU ဈေးကွက်ထဲ ၀င်ခွင့်မရတော့ ဘူး ဆိုရင် အများကြီးနစ်နာနိုင်ပါတယ်။"

ဗြိတိန်အစိုးရသစ်မှာ ဥရောပသမဂ္ဂ ခွဲထွက်ရေးကိစ္စနဲ့ပတ်သက်ပြီး အပြန်အလှန်ဝေဖန်တိုက်ခိုက်နေခဲ့ကြတဲ့ ဝါရင့်နိုင်ငံရေးသမား အများအပြားပါဝင်ပါတယ်။ တိုင်းပြည်အနေနဲ့ ရှေ့မှာ နိုင်ငံရေး၊ စီးပွားရေး စိန်ခေါ်မှုတွေ ရင်ဆိုင်လာရဖို့ ရှိနေချိန်မှာ သူတို့အစိုးရအဖွဲ့ထဲက လူတွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိအောင် ပထမဦးစွာ လုပ်ရဦးမယ်လို့ သုံးသပ်သူတွေ ဆိုနေကြကြောင်းပါ။

XS
SM
MD
LG