သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Johnson မြန်မာ့အရေး ဖိအားဆက်ပေး


Boris Johnson ၂၀၁၈ ဖေဖော်ဝါရီလတုန်းက ရိုဟင်ဂျာစခန်းသွားရောက်လေ့လာစဉ်
Boris Johnson ၂၀၁၈ ဖေဖော်ဝါရီလတုန်းက ရိုဟင်ဂျာစခန်းသွားရောက်လေ့လာစဉ်

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Boris Johnson က မြန်မာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်း နဲ့ ဆက်သွယ်ပြောကြားပြီး ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ ဖိအားပေးဖို့ ကြိုးစားခဲ့တဲ့ အကြောင်း တနင်္လာနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံထဲမှာ မျိုးဆက်လိုက် နေထိုင်ခဲ့သူတွေ နိုင်ငံသားမဟုတ်သလို အဆက်ဆံခံနေရသူတွေဖြစ်တဲ့ ရိုဟင်ဂျာ မူစလင်တွေနဲ့ ပတ်သက်ပြီး ဆက်လက်ပြီး လွန်စွာ စိုးရိမ်လျက်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာ ၇ သိန်းခန့်ဟာ ဒုက္ခသည် စခန်းတွေမှာ ဆက်လက် နေထိုင်လျှက် ရှိပြီး နိုင်ငံမဲ့ ဖြစ်နေကြတဲ့ အကြောင်းလည်း ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်းလူ့အဖွဲ့အစည်းတွေကြား ပြန်လည်သင့်မြတ်ရေးအတွက် လိုအပ်တဲ့ ခေါင်းဆောင်မှုကို ပြသဖို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို မစ္စတာ Johnson က တိုက်တွန်းကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ဖို့ မြန်မာအစိုးရက ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP တို့နဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့တာအပြင် ရခိုင်ပြည်နယ်မှာ လူ့အခွင့်ရေး ကျူးလွန်ချိုးဖေါက်မှုတွေ စုံစမ်းစစ်ဆေးဖို့ ကော်မရှင် တရပ်ဖွဲ့စည်းရေး အတွက် မြန်မာအစိုးရရဲ့ ကြေညာချက်ကိုလည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုလိုက်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေကို ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးအတွက် အခွင့်အရေး ဖန်တီးပေးဖို့အပြင် ရခိုင်ပြည်နယ်တွင်း လူ့အခွင့်ရေးချိုးဖေါက်ခဲ့သူတွေကို အရေးယူရာမှာ မြန်မြန်ထက်ထက် ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် မကြာသေးခင်က ဖြစ်ပွါးခဲ့တဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်မိတဲ့ အကြောင်းနဲ့ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို ရပ်တံ့ဖို့အပြင် အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူတွေကို လူသားချင်းစာနာမှု ဆိုင်ရာ အထောက်အကူတွေ ပေးပို့နိုင်အောင်လုပ်ပေးဖို့လည်း မစ္စတာ Johnson က ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံက တောရိုင်းတိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အတည်ပြုခဲ့တာနဲ့ ပတ်သက်လို့လည်း မစ္စတာ Johnson ကကြိုဆိုခဲ့ပြီး ဒီအကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဖေဖေါ်ဝါရီလက မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ရာမှာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်အောင် လုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့ကြောင်းလည်း သူ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG