သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း မိုဟာမက်အလီ ကွယ်လွန်


ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း မိုဟာမက်အလီ
ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း မိုဟာမက်အလီ

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုဟာမက်အလီဟာ သောကြာနေ့ညက အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်သွားခဲ့ပါပြီ။ အိုလံပစ် နဲ့ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း အလီဟာ အသက်ရှု လမ်းကြောင်း ဆိုင်ရာ ရောဂါဝေဒနာ နဲ့ ကြာသာပတေးနေ့က ဆေးရုံတင်ခဲ့ ရပြီးတဲ့နောက် တရက်အကြာမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ မိုဟာမက်အလီဟာ ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ်ရှိသွားပြီဖြစ်ပါတယ်။ဒီအကြောင်းအပြည့်အစုံကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ကမ္ဘာ့လက်ဝှေ့လောကမှာ အထင်ရှားဆုံး နဲ့ အကျော်ကြားဆုံး လက်ဝှေ့သမားကြီး မိုဟာမက်အလီဟာ ကွယ်လွန်သွားခဲ့ပါပြီ။ ခြေတွေလက်တွေတုန်တဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတမျိုးဖြစ်တဲ့ Parkinson ရောဂါကို နှစ်ပေါင်းများစွာ ခံစားလာခဲ့ရတဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုဟာမက်အလီဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါဝေဒနာ နဲ့ အမေရိကန်ပြည်ထောင်စု အယ်ရီဇိုးနားပြည်နယ် Phoenix မြို့က ဆေးရုံကို ကြာသပတေးနေ့က တင်ခဲ့ပြီး ၁ ရက်အကြာ ဇွန်လ ၃ ရက်နေ့ သောကြာနေ့ညက ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မိုဟာမက်အလီဟာ ၁၉၆၀ ရောမအိုလံပစ်ပြိုင်ပွဲရဲ့ Light-Heavyweight ပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့ပြီးတဲ့နောက်၊ ၁၉၆၄ ခုနှစ်မှာ Sonny Liston ကို အနိုင်ယူပြီးတော့ ပထမဆုံးအကြိမ် ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာခဲ့တာပါ။

အလီဟာ လက်ဝှေ့ ထိုးသတ်ရာမှာ လက် ၂ ဘက်စလုံး နဲ့ ထိုးသတ်နိုင်သူဖြစ်ပြီး၊ ဆန်နီလစ္စတန်ကိုနိုင်ပြီးတဲ့နောက်ပိုင်း တောက်လျှောက် ကမ္ဘာ့လက်ဝှေ့လောကကို ကြီးစိုးထားသူဖြစ်တယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာရဲ့ အားကစားဆောင်းပါးရျင် Mike Wise က ပြောပါတယ်။

"အမေရိကန်မှာတော့ သူဟာ တခုခုကို ကြွားပြောပြီးတော့ ၊ အဲဒီလိုပြောထားတဲ့အတိုင်း ဖြစ်အောင်လုပ်ပြတဲ့ ပထမဆုံး အားကစားသမားတစ်ယောက်ဖြစ်တယ်။ အဲဒီအချိန်တုန်းက ဘယ်သူမှ အဲဒီလိုမကြွားပါဘူး။"

ကပ်စီးယပ်ကလေးအဖြစ်နဲ့ လက်ဝှေ့လောကကို စတင်ဝင်ရောက်ခဲ့တဲ့ အလီဟာ ကမ္ဘာ့ချန်ပီယံဖြစ်ပြီးတဲ့နောက် အစ္စလာမ်ဘာသာကို ကူးပြောင်းခဲ့ပါတယ်။ အလီဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေအတွင်း အမေရိကန်နိုင်ငံတဝှမ်းဖြစ်ပွားခဲ့တဲ့ နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှုတွေမှာလည်း ဦးဆောင်ပါဝင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။

အလီဟာ ဗီယက်နမ်စစ်ပွဲကို ဆန့်ကျင်သလို၊ သူ့ရဲ့ ဘာသာရေးအယူအဆကြောင့် အမေရိကန်ရဲ့ စစ်မှုမထမ်းမနေရဥပဒေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့အတွက် သူ့ဟာ ဝေဖန်ခံခဲ့ရသလို၊ သူ့ကို အပြစ်ပေးတဲ့အနေနဲ့ ဟဲဗီးဝိတ်ချန်ပီယံဆုကိုလည်း ပြန်ရုတ်သိမ်းပြီး လက်ဝှေ့လောကကနေလည်း ၃ နှစ်ပယ်ခံလိုက်ရပါတယ်။ အဲဒီနောက်တော့ အမေရိကန်တရာရုံးချုပ်က သူ့အပေါ်ပြစ်ဒဏ်ချမှတ်ထားတာကို ပြန်လည် ပယ်ဖျက်ပေးခဲ့ပါတယ်။

လက်ဝှေ့လောကကို ပြန်ဝင်လာပြီးတဲ့နောက် သူဟာ ဂျိုးဖရေဇီယား နဲ့ ထိုးသတ်ခဲ့တာမှာ ပထမဆုံးအကြိမ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး၊ ဒုတိယတပွဲမှာတော့ ပြန်နိုင်ခဲ့ပါတယ်။ အလီရဲ့ နောက်ထပ် ဂန္ထဝင်တွင်စေမယ့် လက်ဝှေ့ပွဲကတော့ ၁၉၇၄ ခုနှစ်က ဂျော့ဖိုမင် နဲ့ ထိုးသတ်ခဲ့တဲ့ Rumble In the Jungle လို့တင်စားတဲ့ လက်ဝှေ့ပွဲပါ။

၁၉၇၅ ခုနှစ်မှာတော့ အလီ နဲ့ ဂျိုးဖရေဇီယာတို့ဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ တတိယ နဲ့ နောက်ဆုံးအကြိမ် ထိုးသတ်ခဲ့ပြီးတော့ ၊ The Thrilla in Manila ဆိုတဲ့ အဲဒီပွဲကို ၁၄ ချီအထိ ထိုးသတ်ခဲ့ကြပြီး၊ နောက်ဆုံးမှာ အလီကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ မိုဟာမက်အလီဟာ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆုကို ၃ ကြိမ်ရခဲ့ပြီး၊ စုစုပေါင်း ၆၁ ပွဲထိုးသတ်ခဲ့တာမှာ ၅၆ ပွဲ အနိုင်ရခဲ့ပြီး၊ ၁၉၈၁ ခုနှစ်မှာ လက်ဝှေ့ထိုးတာကနေ အနားယူခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အလီဟာ ၁၉၈၄ ကစတင်ပြီး ခြေတွေ၊ လက်တွေတုန်ပြီး ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါ Parkinson ဝေဒနာကို ခံစာခဲ့ရပါတယ်။ အလီဟာ လက်ဝှေ့လောကကနေ အနားယူခဲ့ပေမယ့်လည်း၊ သူ့ရဲ့ ပေးကမ်း ရက်ရောမှုတွေ၊ လူသားမျိုးနွယ်တွေအတွက် အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်တာတွေကြောင့် သူ့ကို ကမ္ဘာတဝှမ်းက ချစ်ခင်ကြတယ်လို့ ဝါရှင်တန်ပို့စ် အားကစားဆောင်းပါးရှင် Mike Wise က ပြောပါတယ်။

"မိုဟာမက်အလီကို လူတွေကချစ်ကြပါတယ်။ သူ့မှာ တခြားသူတွေနဲ့ မတူတဲ့ နှလုံးသားတစုံလည်းရှိပါတယ်။"

မိုဟာမက်အလီဟာ ကွယ်လွန်ချိန်မှာ ဇနီး နဲ့ သားသမီး ၉ ယောက် ကျန်ရစ်ခဲ့ပြီး၊ သူ့ရဲ့ နာရေးအခမ်းအနားကို သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ Kentucky ပြည်နယ် Louisville မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

မိုဟာမက်အလီ ဘ၀ ဇာတ်ကြောင်း
please wait

No media source currently available

0:00 0:03:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG