သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှုံးစံချိန်ကျိုး BPရေနံကုမ္ပဏီ အမှုဆောင်ချုပ်နေရာ အစားထိုးမည်


ဗြိတိသျှ ရေနံကုမ္ပဏီ BP ရဲ့ အမှုဆောင် အကြီးအကဲ တိုနီ ဟေးဝါ့ဒ် (Tony Hayward) ဟာ အောက်တိုဘာလ ၁ ရက်နေ့မှာ နှုတ်ထွက်ပေးတော့မှာ ဖြစ်ကြောင်းနဲ့ မက္ကဆီကို ပင်လယ်ကွေ့က ရေနံယိုဖိတ်မှုနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့အတွက် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း ၃၂.၂ ဘီလီယံ ဖယ်ထားတယ်လို့ BP ကုမ္ပဏီက အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မက္ကဆီကို ပင်လယ်ကွေ့ ရေနံယိုဖိတ်မှုကြောင့် ဒုတိယ လေးလပတ်အတွက် ဆုံးရှုံးမှုဟာ ဒေါ်လာ ဘီလီယံပေါင်း ၁၇ ဘီလီယံ ရှိပြီလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီဆုံးရှုံးမှုကို ကာမိစေဖို့အတွက် လာမယ့် ၁၈ လအတွင်း ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ဘီလီယံ ၃၀ ဖိုးလောက်ကို ရောင်းချမယ်လို့ ဆိုပါတယ်။

ဒါဟာ မက္ကဆီကို ပင်လယ်ကွေ့က ရေနံယိုဖိတ်မှုဒဏ်ကို ခံခဲ့ရတဲ့ ဒေသခံတွေအတွက် လျော်ကြေးပေးဖို့ ရန်ပုံငွေ ဘီလီယံ ၂၀ ချထားပေးဖို့ပါ ပါဝင်ပါတယ်။

BP ရေနံကုမ္ပဏီ အကြီးအကဲ တိုနီ ဟေးဝါ့ဒ် နေရာမှာ ဘော့ဘ် ဒပ်ဒ်လေ (Bob Dudley) ကို ခန့်ထားမှာဖြစ်ပြီး သူဟာ ပထမဆုံး အမေရိကန်နိုင်ငံသား BP ကုမ္ပဏီရဲ့ အကြီးအကဲတယောက် ဖြစ်လာတော့မှာပါ။

ဧပြီလ ရေနံတူးစင် ပေါက်ကွဲမှုကြောင့် အလုပ်သမား ၁၁ ဦး သေဆုံးခဲ့ရတဲ့ အပြင် ရေနံတွေ ပင်လယ်ကွေ့တလျှောက် ယိုစိမ့် ပျံ့နှံ့နေချိန်မှာ သူ့ရှင်သန်မှုအတွက် ပြောဆိုမှု အပါအ၀င် လူမှုရေးအရ အနှောင့်အယှက် ဖြစ်စေတဲ့ အပြောအဆို မှားယွင်းမှုတွေကြောင့် မစ္စတာ ဟေးဝါ့ဒ်ဟာ ဝေဖန်မှု များစွာကို ရင်ဆိုင်ခဲ့ရပါတယ်။

သူဟာ BP ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ဝင် လူကြီးအဖြစ် နိုဝင်ဘာလကုန် အထိတော့ ရှိနေဦးမယ်လို့ BP ကုမ္ပဏီက ပြောပါတယ်။

XS
SM
MD
LG