BP ရေနံကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်အသစ် ဖြစ်လာတော့မယ့် ဘော့ဘ် ဒပ်ဒ်လေ (Bob Dudley) က သူ့ရဲ့ အဓိက ဦးစားပေး လုပ်ငန်းဟာ မက္ကဆီကို ပင်လယ်ကွေ့မှာ ပျက်စီးသွားတဲ့ ရေနံတွင်းကို လုံး၀ ပိတ်ပစ်လိုက်နိုင်ဖို့၊ ထွက်ထားတဲ့ ရေနံတွေကို ရှင်းလင်းဖို့နဲ့ ဒေသအခြေအနေကို ပြန်လည်ထိန်းသိမ်းဖို့ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
BP ရဲ့ လုပ်ငန်းလည်ပတ် လုပ်ဆောင်တဲ့ သဘာဝကို ပြောင်းလဲပစ်ဖို့နဲ့ အခုလို ဘေးအန္တရာယ်မျိုး နောက်တကြိမ် ထပ်ဖြစ်မလာအောင် ကာကွယ် တားဆီးနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ အစီအမံတွေ ချမှတ်ဖို့ ဖြစ်တယ်လို့ ABC ရုပ်မြင်သံကြားနဲ့ တွေ့ဆုံမေးမြန်းခန်း တခုမှာ ဒပ်ဒ်လေက ပြောသွားပါတယ်။
မက္ကဆီကို ပင်လယ်ကွေ့ ပင်လယ်ပြင်ထဲ ရေနံတွေ ထွက်နေတဲ့ကိစ္စကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆိုခံရပြီးတဲ့နောက် အမှုဆောင် အရာရှိချုပ် တိုနီ ဟေးဝါ့ဒ် (Tony Hayward) ဟာ အောက်တိုဘာလ ၁ ရက်နေ့မှာ ရာထူးက နှုတ်ထွက်တော့မှာဖြစ်ပြီး ဒပ်ဒ်လေက သူ့နေရာကို ဆက်ခံမှာ ဖြစ်ပါတယ်။
ပင်လယ်ကွေ့ ကမ်းရိုးတန်းမှာ ကြီးပြင်းခဲ့တဲ့ ဒပ်ဒ်လေဟာ ဗြိတိန်သျှပိုင် BP ရေနံကုမ္ပဏီကို ဦးဆောင်မယ့် ပထမဆုံး အမေရိကန် နိုင်ငံသား ဖြစ်ပါတယ်။