၂၀၁၄ ကမ္ဘာ့ဖလား ဒုတိယအဆင့် ရှုံးထွက်ပွဲတွေမှာ အိမ်ရှင်ဘရာဇီးက ချီလီကို ပယ်နယ်တီနဲ့ နိုင်ပြီး ကွာတားဖိုင်နယ်ကို တက်သွားပြီဖြစ်ပါတယ်။ စနေနေ့က Belo Horizonte မှာ ကစားခဲ့ကြတာမှာ အချိန်ပိုပြီးတဲ့အထိ ၁ ဂိုးစီ သရေဖြစ်နေတာကြောင့် ပယ်နယ်တီကန်တာမှာ ဘရာဇီးက ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရသွားတာပါ။
(ACT – NAT SOUND) ဘရာဇီးအတွက် ပထမဂိုးကို ၁၈ မိနစ်မှာ David Luiz အနီးကပ်ပိတ်သွင်းပြီး ဘရာဇီးဦးဆောင်ခဲ့ပေမယ့် ၃၂ မိနစ်မှာ ဘရာဇီးနောက်တန်း အမှားကနေတဆင့် Alexis Sanchez က ချေပဂိုးသွင်းသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဘရာဇီးရှေ့တန်းလူ Hulk တဂိုးသွင်းခဲ့ပေမယ့် လက်ထိတယ်ဆိုပြီး ဂိုးမပေးတဲ့အတွက် အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။ ပွဲပြီးခါနီး မိနစ် ၁၂၀ မှာ ချီလီဘက်က ကန်သွင်းတာ ဘားတိုင်ထိသွားလို့ ဘရာဇီးကံကောင်းသွားခဲ့ပါတယ်။
ပယ်နယ်တီမှာတော့ ၄ လုံးစီပြီးတဲ့အထိ တဘက် ၂ ဂိုးစီသရေဖြစ်နေခဲ့ပြီး ၅လုံးမြောက်မှာတော့ ဘရာဇီးက ဂိုးဝင်ပြီး ချီလီက တိုင်ထိထွက်သွားတဲ့အတွက် နောက်ဆုံးမှာ အိမ်ရှင်ဘရာဇီးက ၃ ဂိုး ၂ ဂိုး နဲ့ ကွာတားဖိုင်နယ်ကို တက်သွားခဲ့တာဖြစ်ပါတယ်။
ဘရာဇီးနည်းပြ စကိုလာရီကတော့ ပြိုင်ဘက်တွေကို သူတို့ဘက်က အကောင်းဆုံးတုံ့ပြန်ဆက်ဆံပေမယ့် ဒီပွဲမှာ ချီလီဘက်က ရန်စတာတွေ ရှိတာကြောင့် နောက်ပိုင်းပွဲတွေမှာ သည်းခံမှာမဟုတ်တော့ကြောင်း ဒါ့အပြင် သူတို့ ချန်ပီယံဖြစ်ဖို့ဆိုရင် ဒီထက်ပိုကောင်းဖို့လိုပြီး ကမ္ဘာ့ဖလားရရမယ်လို့ ကတိပေးတဲ့အတွက် ချန်ပီယံခြေစွမ်းပြဖို့လိုတယ်လို့ ပြောလိုက်ပါတယ်။ ချီလီနည်းပြကတော့ အိမ်ရှင်ဘရာဇီးကို မိနစ် ၁၂၀ လုံးလုံးယှဉ်ကစားပြီး ပယ်နယ်တီကျမ ှရှုံးတာဖြစ်တဲ့အတွက် သူ့ကစားသမားတွေအတွက် ဂုဏ်ယူတယ်လို့ ပြောလိုက်ပါတယ်။
ရီယိုမြို့က မာရာကနာကွင်းမှာကစားတဲ့ ကိုလံဘီယာ နဲ့ ဥရုဂွေးပွဲမှာ ကိုလံဘီယာက ၂ ဂို ၊ ဂိုးမရှိ နဲ့ အနိုင်ရပြီးတော့ ကွာတားဖိုင်နယ်ကို တက်သွားပါတယ်။
ကိုလံဘီယာအတွက် အနိုင်ဂိုးတွေကိုတော့ နံပါတ် ၁၀ ဟာမက်စ် ရိုဒရီဂတ်စ် (James Rodriguez) က ၂၈ မိနစ် နဲ့ မိနစ် ၅၀ တွေမှာ သွင်းခဲ့တာဖြစ်ပြီး သူ့ရဲ့ ပထမဂိုးဟာ ဒီကမ္ဘာ့ဖလားရဲ့ အကောင်းဆုံးဂိုးတွေထဲက တဂိုးဖြစ်ပါတယ်။ ဒီပွဲမှာ ၂ ဂိုးသွင်းတာကြောင့် ၅ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားတာပါ။ ကိုလံဘီယာအတွက်တော့ ဒါဟာ ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်ကို တက်တာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာတော့ အိမ်ရှင် ဘရာဇီး နဲ့ ကိုလံဘီယာတို့ ကွာတားဖိုင်နယ်မှာ တွေ့ကြမှာဖြစ်ပါတယ်။