ဘရာဇီးနိုင်ငံ သတ္တုတူးဖော်ရေးလုပ်ငန်း ရေကာတာတခုပြိုကျခဲ့တာကြောင့် ၉ ယောက်ထက်မနည်း သေဆုံးပြီး ခန့်မှန်းခြေအားဖြင့်၃၀၀ ကျော်လောက် ပျောက်ဆုံးနေပါ တယ်။ ဒီရေကာတာပြိုကျမှုကြောင့် အဲဒီအနီး ပတ်ဝန်းကျင်မှာလည်း ရွှံရေတွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်။
ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်း Minas Gerais ပြည်နယ်က Brumadinho မြို့နားက ရေကာတာပြိုကျရာကနေ ရွှံ့ရေတွေနဲ့ ဖုံးလွှမ်းပြီး လူတွေအတော်များများလည်း အဲဒီမှာ ပါသွားတာဖြစ်တယ်လို့ ဘရာဇီးအာဏာပိုင်တွေ က ပြောပါတယ်။ ရေကာတာပြိုကျချိန်မှာ အဲဒီမှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်း ၂၀၀ လောက်ဟာ ရေကာတာ ရဲ့ အုပ်ချုပ်ရေးရုံးမှာ နေ့လယ်စာစားနေကြတာဖြစ်ပြီး အဲဒီလူတွေလည်း ပျောက်ဆုံးတဲ့အထဲမှာ ပါတယ်လို့ မီးသတ်တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီရေကာတာကို စီမံကွပ်ကဲနေတဲ့ ဘရာဇီးသတ္တုတူးဖော်ရေးကုမ္ပဏီ Vale ကလည်း ရေကာတာပြိုကျတာကို သောကြာနေ့က အတည်ပြုခဲ့ပြီး ဝန်ထမ်းတွေနဲ့ အဲဒီနားမှာ နေထိုင်သူတွေကို အကာအကွယ်ပေးဖို့က သူတို့ရဲ့ ဦးစားပေးကိစ္စဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ရုပ်သံသတင်းတွေမှာတော့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ရွှံတွေထဲမှာ နစ်နေတဲ့သူတွေကို ရဟတ်ယာဉ်တွေပေါ်ကနေ ကယ်ဖို့ ကြိုးစားနေကြတာကို တွေ့ရသလို အိမ်တွေ၊ ကားတွေနဲ့ စိုက်ခင်းတွေ အတော်များများလည်း ပျက်စီးကုန်တာကို တွေ့ရပါတယ်။
အာဏာပိုင်တွေကတော့ မြေနိမ့်ပိုင်းမှာ ရှိနေတဲ့ မိသားစုတွေကို သူတို့ရဲ့ အိမ်တွေကနေ ဘေးလွတ်ရာကို ရွှေ့ကြဖို့ကို တိုက်တွန်းထားပါတယ်။ ၂၀၁၅ တုန်းကလည်း အဲဒီ Minas Gerais ပြည်နယ်မှာပဲ သတ္တုတူး ဖော်ရေး လုပ်ငန်းက ရေကာတာတခုပြိုကျခဲ့လို့ ၁၉ ယောက်သေဆုံးခဲ့ပြီး အဆိပ်အတောက်ဖြစ်စေတဲ့ သံ စွန့်ပစ်ပစ္စည်း တန်ချိန်သန်းပေါင်းများစွာ မိုင်ရာနဲ့ချီပျံ့သွားခဲ့လို့ ဘရာဇီးသမိုင်းမှာ အဆိုးရွားဆုံး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကပ်ဘေးကြီးဖြစ်ခဲ့ပါတယ်။