ဘရာဇီးနိုင်ငံက ဂန္ထဝင်ဘောလုံးအကျော်အမော်ကြီး Mario Zagallo ဟာ အသက် ၉၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ သူဟာ ဘရာဇီးအသင်းအတွက် ကမ္ဘာ့ဖလားကို ကစားသမားအနေနဲ့ရော နည်းပြအနေနဲ့ပါ စုစုပေါင်း ၄ ကြိမ် ဗိုလ်စွဲအောင်လုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။
ဘယ်တောင်ပံကစားသမား Zagallo ပါဝင်ကစားခဲ့ ၁၉၅၈ နဲ့ ၁၉၆၂ ခုနှစ် ကမ္ဘာ့ဖလားပွဲတွေမှာ ဘရာဇီးအသင်း ဗိုလ်စွဲခဲ့သလို၊ ၁၉၇၀ မှာလည်း သူနည်းပြလုပ်ခဲ့တဲ့ ဘရာဇီးအသင်း ကမ္ဘာ့ဖလားရရှိခဲ့ပါတယ်။ ဒါကြောင့် သူဟာ ကမ္ဘာ့ဖလားကို ကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ ပထမဆုံး ဗိုလ်စွဲဖူးတဲ့သူဖြစ်ပါတယ်။
Pelé, Jairzinho (ဂျာဇင်းဟိုး)၊ Rivellino (ရီဗယ်လီနို) နဲ့ Tostao (တော့စတာအိုတို့လို) ကမ္ဘာကျော်ဘောလုံးသမားတွေကို နည်းပြလုပ်ခဲ့သူဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်ကမ္ဘာဖလားမှာ ဗိုလ်စွဲခဲ့တုန်းကတော့ ဘရာဇီးအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် Mario Zagallo ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာဘရာဇီးအသင်းနည်းပြအဖြစ် နောက်တကြိမ် ပြန်လုပ်ခဲ့ပြီး ၁၉၉၈ ကမ္ဘာ့ဖလားမှာ ဖိုင်နယ်အထိ တက်ခဲ့ပေမယ့် အိမ်ရှင်ပြင်သစ်ကို ၃ ဂိုး ဂိုးမရှိ နဲ့ ရှုံးပြီး ဒုတိယပဲရခဲ့ပါတယ်။
ဘရာဇီးပရိတ်သတ်တွေ လေးစားချစ်ခင်ကြတဲ့ ဘောလုံးသမားကြီးဟာ အောင်မြင်မှုအမွေအနှစ်တွေကို ချန်ထားရစ်ခဲ့တယ်လို့ Mario Zagallo ရဲ့ လူမှုကွန်ရက်တွေပေါ်မှာ ဖော်ပြထားကြပါတယ်။ အားကစားလောကရဲ့ အကြီးမားဆုံး ဘောလုံးအကျော်အမော်ကြီးတယောက် ဖြစ်တယ်လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကလည်း ဖော်ပြအမွှမ်းတင်ထားပါတယ်။