သုံးရလွယ်ကူစေသည့် Link များ

ဘရာဇီးသမ္မတ တာဝန်က ဆိုင်းငံ့ခံရ


ဘရာဇီးသမ္မတ တာဝန်က ဆိုင်းငံ့ရေး အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြု။ ( မေ ၁၂၊ ၂၀၁၆)

ဘဏ္ဍာရေးဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဘရာဇီးသမ္မတ Dilma Rousseff ကို တာဝန်ကနေ ဆိုင်းငံ့ပြီး၊ တရားရုံးတင်စစ်ဆေးမယ့် အဆိုတရပ်ကို အထက်လွှတ်တော်မှာ ဒီကနေ့ အစောပိုင်း မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။ တိုင်းပြည်မှာ ဘဏ္ဍာရေး လိုငွေပြနေတာကို ကာမိစေဖို့နဲ့ လူမှုဖူလုံရေး အစီအစဉ်တွေ အတွက် နိုင်ငံပိုင်ဘဏ်တွေက ငွေကြေးတွေ ကို ချေးငှားသုံးစွဲခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ သမ္မတကို ရုံးတင်စစ်ဆေးနိုင်မယ့် အဆိုကို ၂၂ နာရီကြာ အထက်လွှတ်တော်မှာ အချေအတင် ဆွေးနွေး ခဲ့ပြီး နောက်မှာပဲ၊ ထောက်ခံမဲ ၅၅ မဲ၊ ကန့်ကွက်မဲ ၂၂ မဲနဲ့ အတည်ပြုခဲ့တာပါ။

၂၀၁၄ ခုနှစ် ရွေးကောက်ပွဲကာလ နီးကပ်လာချိန်မှာ၊ သူမျှော်လင့်ထားသလောက် စီးပွားရေးက မကောင်းတာကတော့ ရှင်းပါတယ်။ ဒါကြောင့်လည်း အခြေအနေကို ပိုပြီး ကြည့်ပျော်ရှုပျော်ဖြစ်အောင် ကြိုးစားတဲ့ အနေနဲ့ စာရင်းအင်းတွေ ဖန်တီးဖို့ ကြိုးစားတဲ့ ကိစ္စနဲ့ ပတ်သက်ခဲ့တာ ဖြစ်တဲ့အကြောင်း သြစတြေးလျ အမျိုးသား တက္ကသိုလ်က တောင်အမေရိကရေးရာ ကျွမ်းကျင်သူ Sean Burgess က ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း သူ့လုပ်ရပ်ဟာ ဥပဒေနဲ့ ဆန့်ကျင်မှု ရှိမရှိ ဆိုတာကတော့ မေးခွန်း ထုတ်စရာ ကိစ္စဖြစ်သလို၊ တခြားလွှတ်တော်အမတ်တွ အနေနဲ့ သူတို့ဆီကနေ အာရုံလွှဲဖို့ ကြိုးပမ်းရာက အယုံအကြည်မရှိ အဆိုတင်ဖို့ ကြိုးပမ်း လာတာ ဖြစ်နိုင်တယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။

လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ဒီကနေ့ နှောင်းပိုင်းမှာ သမ္မတကို တရားဝင် အကြောင်းကြားမှာဖြစ်ပြီး၊ ရုံးတင်စစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ သူ့နေရာမှာတော့ ဒုတိယသမ္မတ Michel Temer က ယာယီသမ္မတအဖြစ် တာဝန်ယူမှာပါ။

အဂတိလိုက်စားမှုနဲ့ ရုံးတင်စစ်ဆေးခံရမယ့် မဲခွဲဆုံးဖြတ်မှု မတိုင်ခင် မနေ့တုန်း ကတော့ အထက်လွှတ်တော်ရှေ့မှာ သမ္မတကို ထောက်ခံသူတွေနဲ့ ရဲတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။ ရဲတွေကို မီးပန်းတွေနဲ့ ပစ်ပေါက်ကြတဲ့ သမ္မတကို ထောက်ခံသူတွေကို ထိန်းသိမ်းဖို့ ရဲတပ်ဖွဲ့က ငရုပ်ကောင်းရည်တွေကို သုံးခဲ့ကြတာပါ။

သမ္မတကို ထောက်ခံသူတွေနဲ့ အင်အား ၆ ထောင်လောက်ရှိတဲ့ သမ္မတကို အရေးယူဖို့ ထောက်ခံ ဆန္ဒပြသူတွေကြား ထိပ်တိုက် မတွေ့နိုင်အောင်လည်း ၂ ဖက်အကြား ကာရံထားခဲ့ရပါတယ်။ ငရုပ်ကောင်းရည် ရှုမိကြတဲ့ ဆန္ဒပြသူ တချို့ကိုလည်း အရေးပေါ် ကယ်ဆယ်ရေး သမားတွေက ထမ်းစင်နဲ့ သယ်ထုတ်ခဲ့ကြရပါတယ်။ လူတယောက်ကိုလည်း ဆူပူအကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်မှုနဲ့ ဖမ်းဆီးခဲ့တာပါ။

အထက်လွှတ်တော်မှာ အယုံအကြည်မရှိအဆို မတင်ခင်မှာပဲ သမ္မတက တင်သွင်းခဲ့တဲ့ အယူခံကိုတော့ တရားရုံးချုပ်က ပယ်ချခဲ့တဲ့အတွက်၊ အဆိုကို မဲခွဲဖို့ လမ်းပွင့်သွားခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG