သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၂၀၀ သက်တမ်းရှိ ဘရားဇီလ်းပြတိုက် မီးလောင်


ဘရာဇီလ်းနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး ပြတိုက်ကြီးမှာ မီးအကြီးအကျယ် လောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်တော့မယ်လို့ မီးသတ်ဌာန ပြောခွင့်ရက ဒီကနေ့ တနလာၤနေ့ အစောပိုင်းမှာ ပြောဆိုပါတယ်။ မီးလောင်တာကို အပြီးသတ် ငြှိမ်းသတ်နိုင်ဖို့ အတွက် နောက်ထပ် နာရီပိုင်းလောက် အချိန်ယူရဦးမယ်လို့လည်း Roberto Robadey က ပြောပါတယ်။ နှစ်ပေါင်း ၂၀၀ သက်တမ်းရှိတဲ့ National Museum - အမျိုးသား ပြတိုက်မှာ ရှေးဟောင်း ပစ္စည်း သန်း ၂၀ ကို ထိန်းသိမ်းထားတာပါ။

တန်ဖိုး မဖြတ်နိုင်တဲ့ ဆုံးရှုံးမှု အဖြစ် ဘရာဇီလ် သမ္မတ Michel Temer က ပြောပါတယ်။ ဘရာဇီလ်းနိုင်ငံ အတွက် ဝမ်းနည်းဖွယ် ဖြစ်ရပ် လို့လည်း သမ္မတက ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။ နှစ်ပေါင်း ၂၀၀ ကြိုးစားဆောင်ရွက်ခဲ့တာတွေ၊ သုတေသနတွေနဲ့ အသိအမြင်တွေ ဆုံးရှုံးရတယ်လို့လည်း ပြောဆိုထားပတယ်။

ဘရာဇီးလ်နဲ့ တခြားနိုင်ငံတွေရဲ့ သမိုင်းဆိုင်းရာ ပစ္စည်းပေါင်း ၂ သောင်းကျော်နဲ့ ဘရာဇီးလ် တောင်ဝင်မိသားစုထံက ပစ္စည်း အမြောက်အများကို ပြတိုက်မှာ ထိန်းသိမ်းထားတာ ဖြစ်တယ်လို့လည်း ပြတိုက်ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြပါတယ်။ ပြတိုက်တာဝန်ခံတွေရဲ့ အကူအညီနဲ့ ပြတိုက်ထဲက ပစ္စည်း အများအပြားကို ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့လည်း မီးသတ်ဌာန တာဝန်ရှိသူက ပြောပါတယ်။ နောက်လ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း Marina Silva ကတော့ အခု မီးလောင်မှုဟာဆိုရင် ဘရာဇီးလ်နိုင်ငံရဲ့ မှတ်ညဏ်ကို ဖြတ်ထုတ်လိုက်သလို ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ပြတိုက် ပိတ်ချိန်နောက်ပိုင်း ဖြစ်ခဲ့တဲ့ မီးလောင်မှု အတွင်း သေဆုံး ထိခိုက်ဒဏ်ရာရမှု အစီရင်ခံချက်တွေ မရှိပါဘူး။

ပြတိုက်နဲ့ အနီးဆုံး နေရာက ရေပိုက်ခေါင်းက ရေမရှိတာကြောင့် မီးသတ်သမားတွေရဲ့ ကနဦး မီးငြှိမ်းသတ်နိုင်ရေး ကြိုးပမ်းမှုမှာ အခက်တွေ့ခဲ့ကြပါတယ်။ အနီးမှာရှိတဲ့ ရေကန်ကနေ ကားလွှတ်ပြီး ရေသယ်ခိုင်းခဲ့ရတယ်လို့ မီးသတ်ဌာန ပြောခွင့်ရက ပြောပါတယ်။ Rio de Janeiro က အမျိုးသား ပြတိုက်မှာ ဘရားဇီးလ်နိုင်ငံရဲ့ ရှေးဟောင်း ပစ္စည်းတွေ အပြင် အီဂျစ်၊ ရှေးဟောင်း ဂရိ- ရောမခေတ်က ရှေးဟောင်း ပစ္စည်းတွေ၊ နောက် အမေရိကတိုက်တခုလုံးရဲ့ ရှေးအကျဆုံး လူသား အရိုးစု တို့ကို ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ Minas Gerais ဒေသမှာ တွေ့ရှိတဲ့ ဒိုင်နိုဆော ရုပ်ကြွင်းလည်း ပြတိုက်မှာ ရှိတာပါ။ ဒီ အမျိုးသား ပြတိုက်က Federal တက္ကသိုလ်ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ ပြတိုက်မှာ မီးလောင်မှု မဖြစ်ခင် ရက်ပိုင်း အလိုမှာဘဲ မီးဘေးကာကွယ်ရေး စနစ်တရပ်ထားရှိဖို့ ရန်ပုံငွေရရှိရေး အစီအစဉ်တွေ အပြီးသတ် နိုင်ခဲ့တယ်လို့လည်း ပြတိုက် တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG