ဘရာဇီးလ်နိုင်ငံမှာ အစိုးရဘက်က ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ဖို့ ကြိုးစားပေမဲ့ ဆန္ဒပြတောင်းဆိုလှုပ်ရှားမှုတွေ ပိုပြီး ပြင်းထန်လာတဲ့အတွက် အရေးပေါ် ဝန်ကြီးအစည်းအဝေးကျင်းပဖို့ သမ္မတက တောင်းဆိုလိုက်ပါတယ်။
ကြာသာပတေးနေ့က Rio de Janeiro မြို့မှာ လူ သုံးသိန်းလောက် ဆန္ဒပြခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံးပြီး နှိမ်နင်းခဲ့ရတာ အပါအဝင် နိုင်ငံတလွှား ဒါဇင်နဲ့ချီတဲ့ မြို့တွေမှာ သန်းနဲ့ချီတဲ့ ဆန္ဒပြ ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
မြို့တော် Brasilia က နိုင်ငံခြားရေးဝန်ကြီးဌာနကု ဆန္ဒပြလူထုက တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေ လာရောက် နှိမ်နင်း လူစုခွဲချိန်မတိုင်ခင်အထိ မီးပန်းတွေ၊ မီးတုတ်တွေလို တောက်လောင်နေတဲ့ အရာဝတ္ထုတွေနဲ့ နိုင်ငံခြားရေးရုံးထဲကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဆယ်စုနှစ် နှစ်ခုအတွင်း အကြီးဆုံး ဆန္ဒပြမှုကို ဘယ်လို တုံ့ပြန်ရမလဲဆိုတာနဲ့ပတ်သက်လို့ သောကြာနေ့အစောပိုင်းမှာ သမ္မတ Dilma Rousseff ဟာ အစိုးရဝန်ကြီးအဖွဲ့ ဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
လာမယ့် သီတင်းပတ်ထဲမှာ ဂျပန်နိုင်ငံကို သွားမယ့် ခရီးကိုလည်း သမ္မတက ဖျက်သိမ်းလိုက်ပါတယ်။ အခု သီတင်းပတ်ထဲမှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေဟာ ဘတ်စ်ကားနဲ့ ရထားခတွေ တိုးမြှင့်လိုက်ရာက စတင်ခဲ့တာဖြစ်ပေမဲ့ အဲဒီအချိန်ကစပြီး ဘရာဇီးလ်အစိုးရရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေအပေါ် အလေးမထားမှု၊ အခွန်မြင့်မားမှုနဲ့ အဂတိလိုက်စားမှုတွေကို ဦးတည်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။