သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီးလ်နဲ့ နယ်သာလန် တတိယလုမည်


၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဟာဖြင့် ဒီကနေ့နဲ့မနက်ဖြန်မှာ နောက်ဆုံးပွဲနှစ်ပွဲ ကစားပြီးရင် အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ဒေသစံတော်ချိန် စနေညနေ၊ မြန်မာစံတော်ချိန် တနင်္ဂနွေနေ့မနက် ၂ နာရီခွဲမှာ တတိယနေရာအတွက် အိမ်ရှင်ဘရာဇီးလ်နဲ့ နယ်သာလန်အသင်းတို့ ယှဉ်ပြိုင် ကစားကြပါမယ်။ တခါ ဒေသစံတော်ချိန် တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် တနင်္လာနေ့ မနက် ၁ နာရီခွဲမှာတော့ နောက်ဆုံးဗိုလ်လုပွဲကို အာဂျင်တီးနားနဲ့ ဂျာမနီတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှာ အိမ်ရှင်ဘရာဇီးလ်ကို ၇ ဂိုး ၁ ဂိုးနဲ့ စံချိန်တင် သမိုင်းမှတ်တမ်းဝင် အနိုင်ရခဲ့တဲ့ ဂျာမနီအသင်းဟာ ၂၀၀၂ ခုနှစ်မှာ ရိုနယ်လ်ဒိုရဲ့ ဘရာဇီးလ်အသင်းကို ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပြီးကတည်းကဆိုရင် ပထမဆုံးအကြိမ် ဗိုလ်လုပွဲ ပြန်တက်နိုင်တာပါ။

အာဂျင်တီးနားအသင်းကတော့ သိပ်ကြီး တစ်ပေးခံခဲ့ရတာမဟုတ်ဘဲ ဗိုလ်လုပွဲထိ ရောက်လာခဲ့တာဖြစ်ပါတယ်။ အုပ်စုပွဲ၊ ၁၆ သင်း ရှုံးထွက်၊ ကွာတား ဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်ပွဲတွေမှာ အာဂျင်တီးနားအသင်းရဲ့ ခြေစွမ်းဟာ အများကြိုက်လှအောင် ကောင်းလှတာမဟုတ်ဘဲ ချန်ပီယံဖြစ်ဖို့ အတော်လေး ကြိုးစားရမယ့်ပုံရှိပါတယ်။ အကယ်၍ ဂျာမနီကိုအနိုင်ရပြီး ချန်ပီယံဖြစ်မယ်ဆိုရင်တော့ မက်ဆီဟာ တချိန်က အာဂျင်တီးနားဘောလုံးအကျော်အမော် မာရာဒိုနာကို စံချိန်ချိုးနိုင်မှာဖြစ်ပါတယ်။

မက်ဆီဟာ ဒီနှစ်ကမ္ဘာ့ဖလားပွဲဝင် အသင်းတွေထဲက အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်သတ်မှတ်ဖို့ လျာထားတဲ့ စာရင်းထဲမှာ ပါနေပါပြီ။ သူနဲ့အတူ စာရင်းထဲမှာပါတဲ့ထဲ ဒဏ်ရာရလို့ နားလိုက်ရတဲ့ ဘရာဇီးလ်ဘောလုံးအကျော်အမော် နေမာ၊ အာဂျင်တီးနားအသင်းကပဲ Mascherano, Di Maria တို့ပါသလို ဂျာမနီကဆိုရင်တော့ အသင်းခေါင်းဆောင် Phillip Lahm, ငါးဂိုး သွင်းထားတဲ့ Thomas Mueller, Toni Kroos နဲ့ Mats Hummel တို့ ပါဝင်ကြပါတယ်။

အကောင်းဆုံး ဂိုးသမားဆုရွေးမယ့်စာရင်းထဲမှာ ကော်စတာရီကာက Keylor Navas, ဂျာမနီက Manuel Neuer နဲ့ အာဂျင်တီးနား က Sergio Romero တို့ ပါပါတယ်။

XS
SM
MD
LG