သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားပွဲကျင်းပနိုင်ကြောင်း ဘရာဇီးလ်သမ္မတ ခုခံပြောကြား


ငွေကြေး အကြီးအကျယ် အကုန်ကျခံပြီး ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပမယ့်အပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေကို လက်မခံဘဲ ကမ္ဘာ့ဖလားပွဲတွေ လက်ခံကျင်းပဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဘရာဇီးလ် သမ္မတ Dilma Rousseff က ပြောလိုက်ပါတယ်။

ပွဲစဉ်တွေ လက်ခံကျင်းပမယ့် မြို့ကြီး ၁၂ မြို့မှာ အားကစားရုံတွေ တည်ဆောက်ပြီး သွားလာရေး စီမံ ဆောက်လုပ်မှုတွေအတွက် အစိုးရက ဒေါ်လာ ၁၁ ဘီလီယံကျော် အကုန်အကျခံမယ့်ကိစ္စနဲ့ ပတ်သက်လို့ မကြာသေးခင်လတွေတွင်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

အခုလို ငွေတွေ အများအပြား သုံးစွဲလိုက်တဲ့အတွက် ကျန်းမာရေး၊ ပညာရေး လို ကိစ္စရပ်တွေအတွက် ငွေကြေး သုံးစွဲနိုင်ခြင်း မရှိတော့သလို၊ အစိုးရအရာရှိတွေကြား အကျင့်ပျက် ခြစားမှုတွေလည်း ဖြစ်လာစေတယ်လို့ ကန့်ကွက်သူတွေက ဝေဖန်နေကြတာပါ။

အင်္ဂါနေ့က ရုပ်မြင်သံကြားကနေ တနိုင်ငံလုံးကို ထုတ်လွှင့်ခဲ့တဲ့ မိန့်ခွန်းမှာ မစ္စ Rousseff က ဘရာဇီးလ်အစိုးရဟာ ၂၀၁၀ ခုနှစ်ကစလို့ ကျန်းမာရေးနဲ့ ပညာရေး စရိတ်ကို အဆ ၂၀၀ ကျော် တိုးမြှင့်သုံးစွဲခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ကမ္ဘာ့ဖလား ဘောလုံးပွဲ လက်ခံကျင်းပမယ့် ကိစ္စနဲ့ပတ်သက်လို့ ပဋိပက္ခတွေ ရှိတဲ့တိုင်အောင် ဘရာဇီးလ်အနေနဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို ကြိုဆိုဖို့ အဆင်သင့် ဖြစ်နေပြီလို့ သူက ပြောဆိုလိုက်တာပါ။

အခု ဆောက်လုပ်နေတဲ့ အခြေခံ အဆောက်အအုံတွေကို ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ ပြီးသွားတဲ့အခါ လူတွေ ဆက်ပြီး အသုံးပြုနိုင်မှာဖြစ်လို့ အကျိုးရှိတဲ့ကိစ္စ ဖြစ်တယ်လို့လည်း သမ္မတ က ပြောပါတယ်။ အကျင့်ပျက်ချစားမှုတွေမှာ ပါဝင် ပတ်သက်သူတွေကို အပြစ်ပေး အရေးယူသွားမှာ ဖြစ်တယ်လို့လည်း သမ္မတ Dilma Rousseff က ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG