တရားရုံးချုပ် တရားသူကြီးအဖြစ်ခန့်အပ်ဖို့ အမည်စာရင်းတင်သွင်းထားတဲ့ Brett Kavanaugh ကို အမေရိကန် အထက် လွှတ်တော် တရားရေးကော်မတီရဲ့ ပန်ကြားချက်အရ စုံစမ်းစစ်ဆေးမှုအသစ်တခုလုပ်ဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က FBI ကို ညွှန်ကြားလိုက်ပါတယ်။
လိင်ပိုင်းဆိုင်ရာ မတော်မလျော် ပြုမှုမှုဆိုင်ရာ စွပ်စွဲချက်တွေ ထွက်ပြီးတဲ့နောက် အခုလုပ်မယ့် စုံစမ်းစစ်ဆေးမှုှုဟာ “ကန့်သတ် အတိုင်းအတာအတွင်း လုပ်ဆောင်ရမှာ” ဖြစ်ပြီး “သီတင်းတပတ်အတွင်း ပြီးဆုံးအောင်” လုပ်ရမယ်လို့ ထုတ်ပြန်ချက်တခုမှာ သမ္မတထရမ့်ပ်က ပြောထားပါတယ်။
တရားသူကြီး Kavanaugh ကို အသေအချာ နောက်ကြောင်း စစ်ဆေးပြီးသားဖြစ်တယ်လို့ သမ္မတထရမ့်ပ်အစိုးရအဖွဲ့က တောက်လျှောက် ပြောလာတာကြောင့် အခုဆုံးဖြတ်ချက်ဟာ လုံးဝ ပြောင်းလဲသွားတဲ့အချက်ပါ။
မစ္စတာ Kavanaugh ကို ခန့်ထားရေး အထက်လွှတ်တော်တခုလုံးမှာ မဲခွဲဆုံးဖြတ်ဖို့ သောကြာနေ့အစောပိုင်းမှာတော့ အထက်လွှတ်တော် တရားရေးကော်မတီက မဲခွဲ အတည်ပြုလိုက်ပြီးသားပါ။ အထက်လွှတ်တော်တခုလုံးမှာ မဲခွဲဆုံးဖြတ်ဖို့ ဆိုင်းငံ့ထားပြီး စုံစမ်းစစ်ဆေးမှုလုပ်မယ်လို့ သဘောတူရင် တရားရေးကော်မတီမှာ မဲခွဲတဲ့အခါ သူထောက်ခံမယ်လို့ ရီပတ်ဘလီ ကန်အထက်လွှတ်တော်အမတ် Jeff Flake ကပြောတာကို ကော်မတီကသဘောတူပြီးတဲ့နောက် မဲခွဲ အတည်ပြုလိုက်နိုင်တာပါ။
တရားရေးကော်မတီမှာ ရီပတ်ဘလီကန်အမတ် ၁၁ ယောက်၊ ဒီမိုကရက်အမတ် ၁၀ ယောက်ရှိပြီး ရီပတ်ဘလီကန်အားလုံးက ထောက်ခံမဲပေးပြီးတော့ ဒီမိုကရက်အားလုံးက ကန့်ကွက်မဲပေးခဲ့ကြပါတယ်။
အထက်လွှတ်တော်တခုလုံးအနေနဲ့ဆိုရင် ရီပတ်ဘလီကန်အမတ်က ၅၁ ဦးနဲ့ ဒီမိုကရက်အမတ်က ၄၉ ဦးရှိပြီး တရားသူကြီး Kavanaugh ကို အတည်ပြုခန့်ထားနိုင်ဖို့ မဲအရေအတွက် ၅၀ ထက်မနည်းရဖို့ လိုအပ်ပါတယ်။ အထက်လွှတ်တော်တခုလုံးမှာ မဲခွဲတဲ့အခါ ထောက်ခံမဲနဲ့ ကန့်ကွက်မဲ အရေအတွက် တူနေမယ်ဆိုရင် ဒုတိယသမ္မတ Mike Pence က အဆုံးအဖြတ်မဲကို ပေးပိုင်ခွင့်ရှိပါတယ်။
တရားသူကြီး Kavanugh ကို ခန့်ထားရေးကိစ္စ ပျက်ပြယ်ဖြစ်ဖို့ဆိုရင် ဒီမိုကရက်အမတ်အားလုံးက ကန့်ကွက်မဲပေးကြမယ်ဆိုရင် တောင်မှ ရီပတ်ဘလီကန်အမတ် အနည်းဆုံးနှစ်ယောက်က ကန့်ကွက်မဲပေးဖို့လိုပါတယ်။