သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ်လုပ်ရပ် ဖွဲ့စည်းပုံချိုးဖောက်ဟု ဝေဖန်ခံရ


ဗြိတိန်လွှတ်တော်ကို တလကြာ ဆိုင်းငံ့ထားဖို့ ဝန်ကြီးချုပ် Boris Johnson က Elizabeth ဘုရင်မကြီးထံ ခွင့်ပြုချက် တောင်းခံခဲ့တဲ့ လုပ်ရပ်အပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်တဲ့ လုပ်ရပ်အဖြစ် စွပ်စွဲခံနေရပါတယ်။

ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန်ခွဲထွက်မယ့် ဝန်ကြီးချုပ်ရဲ့ အစီအစဉ်အပေါ် အတိုက်အခံပါတီတွေနဲ့ ကွန်ဆာဗေးတစ် အမတ်တွေ ဆန့်ကျင်နေချိန်မှာပဲ ဝန်ကြီးချုပ် Johnson မနေ့က လွှတ်တော်လုပ်ငန်းတွေကို အောက်တိုဘာလလယ်အထိ ဆိုင်းထားဖို့ ကြေညာလိုက်တာပါ။

ဝန်ကြီးအဖွဲ့ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ Elizabeth ဘုရင်မကြီးကတော့ ဝန်ကြီးချုပ်ရဲ့ တောင်းခံချက်ကို ခွင့်ပြုခဲ့ပါတယ်။ အောက်လွှတ်တော်ဥက္ကဋ္ဌ John Bercow ကတော့ လွှတ်တော်လုပ်ငန်းတွေကို ဟန့်တားတဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီလုပ်ငန်းစဉ်ကို ဆန့်ကျင်ရာရောက်သလို၊ လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း မနေ့တုန်းကပဲ ဝေဖန်ပြောဆိုခဲ့တာပါ။

ဝန်ကြီးချုပ် Johnson ကတော့ သဘောတူညီချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ EU ကနေ ခွဲထွက်မှာဖြစ်ကြောင်း ကတိပြုထားပါတယ်။ သူ့အရင် ဝန်ကြီးချုပ် တာဝန်ယူခဲ့သူ Theresa May လက်ထက်မှာတော့ EU နဲ့ ခွဲထွက်ရေး သဘောတူညီချက်တွေကို ညှိနှိုင်းနိုင်ခဲ့ပေမဲ့ ဗြိတိန်လွှတ်တော်က လက်ခံအောင်တော့ မလုပ်နိုင်ခဲ့ပါဘူး။ ဝန်ကြီးချုပ် Johnson ကတော့ အောက်တိုဘာလထဲ လွှတ်တော်မှာ မိန့်ခွန်းပြောပြီး ရက်ပိုင်းအတွင်း EU တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး၊ သဘောတူညီချက်အသစ်ကို လွှတ်တော်က ဆွေးနွေးအတည်ပြုဖို့ အချိန်အလုံအလောက် ရမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG