သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာဘ်ပေးမှုအတွက် မီဒီယာတခုကို မြန်မာအစိုးရသတိပေး


 နိုင်ငံတော်သမ္မတရုံး
နိုင်ငံတော်သမ္မတရုံး

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ကြိုးပမ်းဖို့ ကတိပြုထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက လက်ဆောင်ပစ္စည်း လက်ခံမှုနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်ကို ချိုးဖောက်ခဲ့တဲ့ မီဒီယာလုပ်ငန်းတခုကို သတိပေးလိုက်ပါတယ်။

အဂတိလိုက်စားမှု အလေ့အထကို အချိန်တိုအတွင်း ပပျောက်စေဖို့ ရည်ရွယ်ပြီး၊ အစိုးရသစ်က လမ်းညွှန်ချက် ထုတ်ပြန်ထားပေမဲ့ အစိုးရတာဝန်ရှိသူ တဦးကို စည်းကမ်းနဲ့မညီတဲ့ လက်ဆောင်ပေးအပ်ခဲ့တာကြောင့် ပညာပေး အသိပေးခဲ့တဲ့အကြောင်း သမ္မတရုံးက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

သင်္ကြန်ကာလအတွင်း လက်ဆောင်ပေးအပ်ခဲ့တယ်ဆိုတဲ့ မီဒီယာ ကုမ္ပဏီရဲ့ အမည်ကိုတော့ ကြေညာချက်မှာ ဖော်ပြမထားသလို၊ လက်ဆောင်ပေးအပ်ခံရတဲ့ အစိုးရတာဝန်ရှိသူဟာ အရေးကြီးပုဂ္ဂိုလ်ရဲ့ ကိုယ်ရေးအရာရှိ အဖြစ်နဲ့သာ ဖော်ပြပါတယ်။ သင်္ကြန်တွင်းမှာ လက်ဆောင်အဖြစ် ပေးအပ်တဲ့ အထုပ်ထဲမှာ ငွေသား ကျပ်သိန်း ၅၀ ပါဝင်နေတာကို တွေ့ရတဲ့အတွက် အစိုးရအရာရှိက သက်ဆိုင်ရာ အထက်အရာရှိကို တင်ပြခဲ့ကြောင်းလည်း ကြေညာချက်က ဖော်ပြခဲ့တာပါ။

NLD အစိုးရအနေနဲ့ အဂတိလိုက်စားမှု ပပျောက်စေရေးအတွက်၊ လာဘ်ပေး၊ လာဘ်ယူမလုပ်ဖို့ မူဝါဒကို ကိုင်စွဲထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

NLD အစိုးရကတော့ အကျင့်ပျက် ခြစားမှုတွေ တိုက်ဖျက်ရေး ရည်ရွယ်ပြီး အစိုးရဝန်ထမ်းတွေ ကျပ်ငွေနှစ်သောင်းခွဲထက်ပိုပြီး လက်ဆောင်မယူဖို့နဲ့ တနှစ်လုံးမှာ တသိန်းထက် မပိုစေရဆိုပြီး ဧပြီလဆန်းမှာပဲ တားမြစ်ချက် ထုတ်ပြန်ထားတာပါ။ နိုင်ငံခြားအစိုးရတွေဆီက ပေးအပ်လာတဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း တန်ဘိုးကျပ်ငွေ ၄ သိန်းထက် မပိုဖို့ တရားဝင်ကိစ္စ အတွက် ခရီးသွားလာစရိတ်၊ ပညာသင်ဆု၊ ဆေးဝါးကုသစရိတ်များကိုသာ လက်ခံဖို့၊ နိုင်ငံတော်သမ္မတနဲ့ ဒုတိယ သမ္မတတွေကို ပေးအပ်တဲ့ လက်ဆောင်ပစ္စည်းတွေကို ဦးစီးရုံးတွေရဲ့ ဒုတိယညွန်ကြားရေးမှူးချုပ်များက နိုင်ငံတော်သမ္မတရုံးဝန်ကြီးတွေကို အမြန်ဆုံးတင်ပြဖို့လည်း လမ်းညွှန်ထားပါတယ်။

XS
SM
MD
LG