သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ကာကွယ်ရေးဝန်ကြီး ရာထူးမှနုတ်ထွက်


ဗြိတိန်ကာကွယ်ရေးဝန်ကြီး ရာထူးမှနုတ်ထွက်
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ရာထူးမှနုတ်ထွက်

ဗြိတိန် ကာကွယ်ရေးဝန်ကြီး လီယမ်ဖောက်စ် (Liam Fox) ရဲ့ နိုင်ငံခြားခရီးစဉ်တွေကို ခေါ်သွားလေ့ရှိသူ သူ့သူငယ်ချင်းတစ်ယောက်က သူ့ကိုယ်သူ အစိုးရအကြံပေးအဖြစ် လိမ်ညာခဲ့တာကြောင့် ကာကွယ်ရေးဝန်ကြီး ရာထူးကနေ နုတ်ထွက်သွားပါတယ်။ သောကြာနေ့က ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (David Cameron) ကိုပေးခဲ့တဲ့ နုတ်ထွက်စာမှာ မစ္စတာ ဖောက်စ် က သူ့ရဲ့ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားနဲ့ အစိုးရလုပ်ငန်းတွေကို ရောနှောခဲ့မိတဲ့ သူ့ရဲ့ အမှားအတွက် နုတ်ထွက်ခွင့်ပြုပါလို့ တောင်းပန်ထားပါတယ်။

မစ္စတာ ဖောက်စ်ရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်သူ အဒမ်ဝါရီတီ (Adam Werritty) နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းရဲ့ ဆက်ဆံရေးကို အစိုးရက စုံစမ်းစစ်ဆေးဖို့ တစ်ရက်အလိုမှာပဲ သူ ခုလို ရာထူးကနေ နုတ်ထွက်သွားတာ ဖြစ်ပါတယ်။ မစ္စတာ ဖောက်စ် နိုင်ငံခြားကို အစိုးရတာဝန်နဲ့ သွားခဲ့စဉ်မှာ မစ္စတာ ဝါရီတီ လည်း တာဝန်မရှိဘဲ အစိုးရစရိတ်နဲ့ လိုက်ပါခဲ့တယ်ဆိုတာကို မစ္စတာဖောက်စ် က ဒီသီတင်းပတ်အစောပိုင်းက ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။

သူ့ကိုယ်သူ ကာကွယ်ရေးဝန်ကြီးရဲ့ အကြံပေးအဖြစ် ဖော်ပြထားတဲ့ သူ့ရဲ့ လိပ်စာကဒ်ပြားကို မစ္စတာ ဝါရီတီ က လိုက်ပေးခဲ့တယ်လို့ ဗြိတိန်သတင်းတွေက ထုတ်ဖော်ခဲ့ကြပါတယ်။ ခုလို ကာကွယ်ရေးဝန်ကြီး နုတ်ထွက်တဲ့အပေါ် စိတ်မကောင်းဘူးလို့ ဝန်ကြီးချုပ် ကင်မရွန်း က ပြောပြီး အာဖဂန် နဲ့ လစ်ဗျားက ဗြိတိန်တပ်တွေရဲ့ စစ်ဆင်ရေးကို ကြီးကြပ် ကွပ်ကဲခဲ့မှုအတွက် မစ္စတာဖောက်စ် ကို ချီးကျူးခဲ့ပါတယ်။

XS
SM
MD
LG