သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲ ဗြိတိန်၊ ကနေဒါ ချီးကျုး


ဆန္ဒမဲတွေကို ရေတွက်စဉ်။
ဆန္ဒမဲတွေကို ရေတွက်စဉ်။

မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ သမိုင်းဝင် ရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီကို ဦးတည်တဲ့လမ်းကြောင်း မှာ အရေးပါတဲ့အဆင့်တခုဖြစ်ပြီး အပြောင်းအလဲလိုချင်တဲ့ ဆန္ဒကို ရှင်းရှင်းလင်း ထုတ်ဖော်ခဲ့ကြတဲ့ မြန်မာလူထုရဲ့အောင်ပွဲ ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က ချီးကျူးပြောဆိုလိုက်ပါတယ်။

အစိုးရသစ်ဖွဲ့စည်းဖို့ ရှိတာနဲ့အမျှ ငြိမ်းချမ်းစွာနဲ့ ချောမွေ့စွာ အသွင်ကူးပြောင်းရေးအတွက် သက်ဆိုင်သူတွေအားလုံး အတူတကွ လက်တွဲလုပ်ဆောင်ဖို့ တိုက်တွန်းပါကြောင်းလည်း ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီနည်းလမ်းပိုကျပြီး တာဝန်ခံမှုရှိတဲ့ အစိုးရတရပ်ပေါ်ပေါက်ရေး ဆက်လက် လုပ်ဆောင်နေကြတာနဲ့အမျှ ဒီ ရွေးကောက် ပွဲမှာ မဲပေးခွင့်မရသူတွေအပါအဝင် မြန်မာလူထုကို ထောက်ခံအားပေးဖို့ ဗြိတိန်နိုင်ငံက အဆင်သင့်ရှိပါတယ်လို့လည်း ဝန်ကြီးချုပ် ကမ်မ်ရွန်းန်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အလားတူ ကနေဒါဝန်ကြီးချုပ်သစ် Justin Trudeau ကလည်း သမိုင်းဝင်ရွေးကောက်ပွဲအတွက် မြန်မာလူထုကို ချီးကျူးဂုဏ်ပြုပါ ကြောင်း ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်တခုမှာ ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွင်း နည်းလမ်းပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ ရှိပေမဲ့လည်း ဒီရွေးကောက်ပွဲတွေဟာ ပိုမိုပွင့်လင်းပြီး၊ ပိုပြီးတော့ ဒီမိုကရေစီနည်းလမ်းကျတဲ့ လူ့အဖွဲ့အစည်းတရပ် ဆီ မြန်မာနိုင်ငံ ဆက်လက် အသွင်ကူးပြောင်းရေးမှာ အရေးကြီးတဲ့ မှတ်တိုင်တခုဖြစ်ပါတယ်လို့ ကနေဒါဝန်ကြီးချုပ်ကပြောပါ တယ်။

ဘယ်လိုအငြင်းပွားမှု၊ သဘောထားကွဲပြားမှုတွေပဲဖြစ်ဖြစ် အပြုသဘောဆောင် ဖြေရှင်းရေး အတူတကွ လုပ်ဆောင်ကြဖို့ နဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရအဖွဲ့သစ်ကို ငြိမ်းချမ်းစွာ လွှဲပြောင်းရေး သက်ဆိုင်သူအားလုံးကို အားပေးပါတယ်လို့ ဆိုပါတယ်။ မြန်မာလူထုဟာ အဲဒီလိုအခြေအနေကို ရရှိခံစားထိုက်ပါတယ်လို့လည်း ကနေဒါဝန်ကြီးချုပ်သစ် Justin Trudeau ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG