သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ကျူးကျော်စစ်အတွင်း အမှားအယွင်းများ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တောင်းပန်


ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Tony Blair

အမေရိကန်တို့ဦးဆောင်တဲ့ အီရတ် ကျူးကျော်စစ်ပြုတာမှာ မှားယွင်းဆောင်ရွက်ခဲ့တာတွေ ရှိခဲ့တယ်လို့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း Tony Blair က သုံးနှုန်း ပြောဆိုပြီး တောင်းပန်ခဲ့ပါတယ်။

စစ်ရေးအရ ကျူးကျော်မှုတွေက အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွင်းက အစ္စလာမ္မစ်အစွန်းရောက် IS တို့ ကြီးထွားလာမှုအပါအဝင် ဒေသတွင်းက ပဋိပက္ခတွေ အတွက် စနက်တခုဖြစ်တယ်လို့ မစ္စတာ Blair က CNN သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောဆိုခဲ့တာပါ။ ၂၀၀၃ ခုနှစ်က ဆက်ဒမ်ဟူစိန်ကို ဖယ်ရှားပစ်ခဲ့သူတွေဟာ ၂၀၁၅ ခုနှစ်မှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေအတွက် တာဝန်မရှိဘူးလို့ ပြောလို့ မရနိုင်ပါဘူးလို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းက ပြောဆိုခဲ့တာပါ။

အီရတ်နိုင်ငံက အန္တရာယ်ကြီးတဲ့ လက်နက်တွေနဲ့ ပတ်သက်ပြီး မပြည့်မစုံနဲ့ မှားယွင်းတဲ့ အချက်အလက်တွေအပေါ် စိုးရိမ်ချက်တွေကြောင့် ကျူးကျော်စစ် ပြုရေးကို ဦးတည်သွားစေသလို အီရတ်ခေါင်းဆောင် Saddam Hussein ရဲ့ အာဏာရှင်အစိုးရကို ဖြုတ်ချပြီးနောက် ဘာတွေ ဖြစ်လာမလဲဆိုတဲ့အပေါ် ကျနော်တို့ရဲ့ နားလည်မှုလွဲမှားတာကြောင့် အစီအစဉ်ချမှတ်တာတွေမှာလည်း မှားယွင်းမှုတချို့ရှိခဲ့တယ်လို့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း Tony Blair က ပြောဆိုခဲ့ပေမယ့် အီရတ်စစ်ပွဲနဲ့ ပတ်သက်လို့ အလုံးစုံတော့ မတောင်းပန်ခဲ့ပါဘူး။

Saddam Hussein ကို ဖယ်ရှားပစ်လိုက်တဲ့အပေါ်မှာ တောင်းပန်ဖို့တော့ သိပ်ခက်ပါတယ်။ ဒီကနေ့ ဒီအချိန် ၂၀၁၅ လို အခြေအနေမျိုး မှာတောင် သူရှိမနေတာက ပိုကောင်းတယ်လို့ မစ္စတာ Blair က ပြောပါတယ်။ အီရတ်ကျူးကျော်စစ်မှာ ဗြိတိန်တို့က ဒုတိယအင်အား အများဆုံးဖြစ်ပြီး ဗြိတိသျှ တပ်သား ၄ သောင်းခွဲတို့ဟာ အမေရိကန်တပ်သား ၁ သိန်းခွဲနီးပါး၊ သြစတေးလျ၊ စပိန်နဲ့ ပိုလန်နိုင်ငံတို့က ထောင်နဲ့ချီတဲ့ စစ်သားတွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အီရတ်စစ်ပွဲအတွင်း ဗြိတိန် တပ်သား ၁၇၉ ဦးတို့ ကျဆုံးခဲ့ပါတယ်။

XS
SM
MD
LG