သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဥရောပသမဂ္ဂကနေ ဗြိတိန်နှုတ်ထွက်ရေး ဇွန်လကုန်အထိနောက်ဆုတ်ပေးဖို့ ဝန်ကြီးချုပ်မေတောင်းဆို


ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk (မတ်၊ ၂၀၊ ၂၀၁၉)

EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်မယ့်ရက်ကို ဂျွန် လ ၃၀ ရက်နေ့အထိ နောက်ဆုတ်ပေးဖို့ ဝန်ကြီးချုပ် Theresa May က တောင်းဆိုလိုက်ပါတယ်။ နောက်ဆုံးနှုတ်ထွက်ရမယ့်ရက်ကို ၂၀၁၉ ဂျွန်လ ၃၀ ရက်သတ်မှတ်ပေးဖို့ ဝန်ကြီးချုပ် May က ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk ဆီကို ဒီနေ့ပဲစာရေးသားပေးပို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

လိုအပ်တဲ့ဥပဒေကြမ်းတွေကို ဒီကြားထဲအတည်ပြုနိုင်မယ်ဆိုရင်လည်း ဂျွန် ၃၀ ထက် စောပြီး နှုတ်ထွက်မယ်လို့လည်း စာထဲမှာရေးသားထားပါတယ်။ တကယ်လို့ မေလ ၂၃ ရက်နေ့ မတိုင်ခင် ပါလီမာန်မှာ နှုတ်ထွက်ရေးသဘောတူညီချက် မရခဲ့ရင် EU ပါလီမာန်ရွေးကောက်ပွဲတွေမှာ ဗြိတိန်ဝင်ပြိုင်ဖို့ အရေးပေါ် အစီအစဉ်တွေလုပ်မယ်လို့ ဝန်ကြီးချုပ် May ရဲ့စာထဲမှာရေးသားထားပါတယ်။

မေလ ၂၃ ကနေ ၂၆ ရက်အထိ EU ပါလီမာန်ရွေးကောက်ပွဲတွေရှိတာမို့ တကယ်လို့ ဗြိတိန်နိုင်ငံက နှုတ်မထွက်သေးဘူးဆိုရင် ရွေးကောက်ပွဲမှာ ပါဝင်ဖို့ EU က လိုလားနေတာပါ။ ဗြိတိန်နှုတ်ထွက်ဖို့ အရင်သတ်မှတ်ထားတဲ့ မတ်လ ၂၉ ရက်အစား April လ ၁၂ ရက်နေ့ကို နောက်ဆုတ်ပေးဖို့ EU ခေါင်းဆောင်တွေ ပြီးခဲ့တဲ့လက သဘောတူထားပြီးသားဖြစ်ပါတယ်။

EU နဲ့ ဗြိတိန်အစိုးရကြားသဘောတူထားတဲ့ နှုတ်ထွက်ရေးဆိုင်ရာ သဘောတူညီချက်တွေကို ဗြိတိန်ပါလီမာန်က ထောက်ခံမှ ဧပြီ ၁၂ ရက်ကို နောက်ဆုတ်မယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ သဘောတူခဲ့တာပါ။ ဒါပေမဲ့ ဒီသဘောတူညီချက်တွေအပေါ် ပါလီမာန်မှာ ခုချိန်ထိ ထောက်ခံမှု မရသေးပါဘူး။

နှုတ်ထွက်ရေးဆိုင်ရာ သဘောတူညီမှုရနိုင်မယ့် အစီအစဉ်တွေကို ဗြိတိန်နိုင်ငံမှာ ပြင်ဆင်နိုင်ဖို့ ၁ နှစ် အချိန်ယူသင့်တယ်လို့ ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk ကတော့ အကြံပြုထားပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် တောင်းဆိုတဲ့အတိုင်း နှုတ်ထွက်ရက် နောက်ဆုတ်ပေးမလားဆိုတာကို EU ခေါင်းဆောင်တွေ သဘောတူ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG