[ Zawgyi / Unicode ]
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စနေနေ့က အကြမ်းဖက် ဖြိုခွင်းမှုအတွင်း ကလေးငယ်တွေ အပါအဝင် လူအများအပြား သေဆုံးရတဲ့အပေါ် ဗြိတိန်နိုင်ငံက အပြင်းအထန် ဝေဖန်လိုက်ပါတယ်။
ကလေးငယ်တွေ အပါအဝင် လက်နက်မဲ့ ပြည်သူတွေကို စနေနေ့က သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ဟာ အာဏာသိမ်းထားသူတွေရဲ့ အောက်တန်းကျမှုကို ထပ်မံပြသရာရောက်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က Twitter လူမှုကွန်ရက်ကနေ ပြောဆိုလိုက်တာပါ။ အဓိပါယ်မဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်စေဖို့၊ အကြမ်းဖက်သတ်ဖြတ်မှုမှာ တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူဖို့ နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်စေဖို့တွေအတွက် နိုင်ငံတကာက မိတ်ဆွေတွေနဲ့ အတူလက်တွဲ ကြိုးပမ်းသွားမယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က တပ်မတော်နေ့ အခမ်းအနားတွေ ကျင်းပခဲ့တဲ့ စနေနေ့မှာပဲ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းရာက စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း အများဆုံးအဖြစ် လူပေါင်း ၉၀ ကျော်ထက်မနည်း သေဆုံးခဲ့တာပါ။
ဥရောပသမဂ္ဂ (EU) ကလည်း စနေနေ့က မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်ကြောင့် ၇၆ ကြိမ်မြောက် တပ်မတော်နေ့ကို အကြမ်းဖက်နေ့၊ ဂုဏ်ကျက်သရေ ညိုးနွမ်းဖွယ်နေ့အဖြစ် ထာဝရ မှတ်ကျောက်တင်ရတော့မှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ကလေးငယ်တွေအပါအဝင် လက်နက်မဲ့ပြည်သူတွေကို သတ်ဖြတ်နေမှုတွေဟာ ဖုံးကွယ်ထားလို့ မရနိုင်တဲ့ လုပ်ရပ်တွေဖြစ်ကြောင်းနဲ့ အခုလို အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။
နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံမှာ စစ်တပ်က ပြည်သ့ူအကျိုးအတွက် ဆောင်ရွက်နေတယ်လို့ ပြောဆိုနေပေမယ့် စနေနေ့က ကျရောက်တဲ့ တပ်မတော်နေ့မှာ ကိုယ့်ပြည်သူတွေကို ကိုယ်ပြန်သတ်ဖြတ်နေတာ တွေ့ရကြောင်း ပြောဆိုလိုက်ပါတယ်။
အကြမ်းဖက်ဖြိုခွဲမှုတွေကို ချက်ချင်းရပ်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားတဲ့ အရပ်သားခေါင်းဆောင်တွေကို အာဏာပြန်လွှဲပေးဖို့လည်း စနေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Ine Eriksen Søreide က တောင်းဆို ထားပါတယ်။
[ Unicode ]