သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Koh Tao အမှု ဗြိတိန်ရဲအစီရင်ခံစာ မထုတ်ပြန်ဖို့ ဗြိတိန်တရားသူကြီးဆုံးဖြတ်


မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဇော်လင်း (ယာ)၊ နဲ့ ကိုဝင်းဇော်ထွန်း တို့ Koh Samui ခရိုင် တရားရုံးကို ရုံးထုတ်ချိန် ရောက်လာစဉ်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဇော်လင်း (ယာ)၊ နဲ့ ကိုဝင်းဇော်ထွန်း တို့ Koh Samui ခရိုင် တရားရုံးကို ရုံးထုတ်ချိန် ရောက်လာစဉ်။

ထိုင်းနိုင်ငံ၊ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ ဗြိတိန်ရဲတွေရဲ့ အစီရင်ခံစာကို ကြည့်ရှုခွင့်ပေးဖို့ တရားခံတွေဘက်က တောင်းဆိုချက်ကို ဗဟိုတရားရုံးက ငြင်းပယ်လိုက်ကြောင်း ရိုက်တာသတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီလို ငြင်းပယ်ခဲ့ပေမယ့် ပြီးခဲ့တဲ့တရားခွင်ကနေ DNA ပြန်လည်စစ်ဆေးခွင့် ရခဲ့တာဖြစ်လို့ တရားမျှတမှုရဖို့ မျှော်လင့်ချက်တွေ ရှိသေးတယ်လို့ စွပ်စွဲခံရသူတွေရဲ့ ရှေ့နေက ပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အစီရင်ခံစာဟာ အမှုအတွက် တရားမျှတမှုရဖို့ လိုအပ်ချက်တခုအဖြစ် တောင်းဆိုခဲ့ပေမယ့် မရနိုင်ရင်လည်း သက်ရောက်မှုတွေက ထူးထူးခြားခြား ရှိလာမှာတော့ မဟုတ်ဘူးလို့ စွပ်စွဲခံရသူတွေရဲ့ ရှေ့နေက ဆိုပါတယ်။ စွပ်စွဲခံရသူတွေဟာ ပြီးခဲ့တဲ့ တရားခွင်မှာ DNA ပြန်လည်စစ်ဆေးခွင့်ရတဲ့အတွက် အခြေအနေကောင်းတခု ဖြစ်လာနိုင်ပါတယ်လို့ မြန်မာသံရုံးကိုယ်စားပြု လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

“အင်္ဂလန်ကရဲတပ်ဖွဲ့ကလာစစ်ဆေးတယ်။ စစ်ဆေးတဲ့အခါကျတော့ ဒီကစစ်ဆေးချက်နဲ့ပတ်သက်လို့ သူတို့ရဲ့စစ်ဆေးတွေ့ရှိချက်တွေကို ဒီကိုပေးပါလို့ တောင်းထားတာကို အင်္ဂလန်တရားရုံးကနေပြီး ခွင့်မပြုတာ။ ရဲတပ်ဖွဲ့တွေ လာစစ်တာဟာ အမှုနဲ့ပတ်သက်လို့ အမှန်ကန်ဆုံးဖြစ်အောင် စစ်ဆေး ထားနိုင်တယ်လို့ ထင်တယ်။ သဘောကတော့ ကလေးတွေအပေါ်မှာ ပြစ်မှုကျူးလွန်ခြင်းမရှိအောင် စစ်ဆေးထားတယ်လို့ ကျနော်တို့ထင်တယ်လေ။ ထင်လို့ တောင်းတာပဲ။ ဒါကြောင့်မို့လို့လည်း ရှေ့နေများကောင်စီ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကလည်း ဒီအချက်ကိုပဲတိုက်စစ်ပြီးတော့ စစ်ဆေးလို့ ရအောင် တောင်းတာ။ တောင်းတာကို အင်္ဂလန်နိုင်ငံက ခွင့်မပြုခဲ့တာ။ သို့သော် မရနိုင်ပေမယ့်လည်း အန်ကယ်လ်တို့က ၁၈ ရက်နေ့က တရားမျှတရေး ဝန်ကြီးဌာနက လာစစ်တာ ဒါ မင်္ဂလာသတင်းတခုပါ။ ထို့အတူပဲ၊ ဒါနဲ့အတူတူ တကယ်သေဆုံးတဲ့သူတွေရဲ့ DNA ရပြီဆိုရင် တိုက်ရိုက် တိုက်ဆိုင် စစ်ဆေးရနေတာပါ။ တကယ်သေဆုံးတဲ့ ဟာနာ (Hannah) တို့ရဲ့ DNA အမှန်အကန်ကို တိုက်ဆိုင်စစ်ဆေးနိုင်ရင်တော့ မျှော်လင့်ချက်တခုရှိမယ်။ နောက်တချက်က သူတို့ DNA ယူတုန်းက လုပ်ထုံးလုပ်နည်းနဲ့မညီဘူးဆိုတဲ့ အချက်အလက်တွေကိုသာ တကယ်လို့ ဒေါက်တာ ဖိုတစ်အနေနဲ့ ၁၁ ရက်နေ့တရားခွင်မှာ သက်သေခံပေးနိုင်မယ်ဆိုရင်တော့ ဒီအမှုာ လုံးလုံးကြီးလွတ်သွားနိုင်တဲ့အနေအထားဖြစ်သွားတာပေါ့။”

နှစ်နိုင်ငံသဘောတူညီထားတဲ့ ကတိကဝတ်တွေအပေါ် အနာဂတ်မှာ ပြဿနာ တစုံတရာရှိနိုင်တယ်လို့ ယူဆတဲ့အတွက် အစီရင်ခံစာကြည့်ရှုခွင့်ကို ဗြိတိန်နိုင်ငံက ရဲအဖွဲ့က ငြင်းပယ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ တရားရုံးကတော့ ဗြိတိန်ရဲတပ်ဖွဲ့ရဲ့ငြင်းပယ်ချက်က သဘာဝကျတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် အစီရင်ခံစာဟာ တရားခံနှစ်ဦးအတွက် အထောက်အကူဖြစ်နိုင်စရာ ထူးထူးခြားခြား မတွေ့ရဘူးလို့လည်း တရားရုံးဘက်က ပြောခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံကတော့ ကော့စမွေတရားရုံးမှာ ဒီအမှုနဲ့ပတ်သက်လို့ တရားစွဲအဖွဲ့အစည်းဘက်က တရားလိုသက်သေ ၆၀ ကျော်ကို စစ်ဆေးဖို့ တင်ပြ ထားပါတယ်။ ပြီးခဲ့တဲ့ရက်တွေက စစ်ဆေးချက်အရ တရားလိုပြသက်သေ ၁၄ ဦး စစ်ဆေးရာမှာမြန်မာလူငယ်နှစ်ဦးကို တရားခံတွေအဖြစ် စွပ်စွဲနိုင်လောက်တဲ့အချက်တွေမတွေ့ရဘဲ ဥပဒေအရ ရှေ့နေမပါဘဲဝန်ခံခဲ့ရတာ၊ ရှေ့နေမပါဘဲ DNA စစ်ဆေးခဲ့တာတွေကို တရားလိုပြ သက်သေတွေက ထွက်ဆိုခဲ့တာကြောင့် အားသာချက်တချို့ ရှိခဲ့ပုံကိုလည်း ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာကို သံသယရှိသူအဖြစ် စွပ်စွဲခံရသူ မြန်မာအလုပ်သမားလူင်ယနှစ်ဦးကိုခေါ်သွားပြီး အခင်းဖြစ်ပုံ ပြခိုင်းစဉ်။
အခင်းဖြစ်ပွားတဲ့နေရာကို သံသယရှိသူအဖြစ် စွပ်စွဲခံရသူ မြန်မာအလုပ်သမားလူင်ယနှစ်ဦးကိုခေါ်သွားပြီး အခင်းဖြစ်ပုံ ပြခိုင်းစဉ်။

“သူတို့ဘက်က တိုက်စစ်အနေနဲ့က အချက်နှစ်ချက်ကို သုံးထားတာ။ ဖြောင့်ချက်ပေးခဲ့တယ်ဆိုတဲ့အချက်နဲ့ DNA တူတယ်ဆိုတဲ့အချက်ပါပဲ။ အခုတော့ ဟိုတနေ့က သက်သေ ၁၄ ယောက်လောက်စစ်တာထဲမှာ ပါပြီးသားပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေ ရဲစခမ်းမှာဖြောင့်ချက်ပေးတယ်ဆိုကတည်းက ဒါ တရားမဝင်တော့ပါဘူး။ ထို့အတူပဲ ကလေးတွေဘက်က ဥပဒေအရ အကျိုးဆောင်မပါဘူး၊ ထို့အတူ ကလေးတွေဘက်က မိသားစုဝင် တယောက် ယောက်ကလည်း ရှိမနေပါဘူး။ ဒါကြောင့်မို့လို့ ဒီဖြောင့်ချက်က ယုံကြည်စရာအကြောင်းမရှိဘူးဆိုတဲ့အချက်နဲ့ အန်ကယ်လ်တို့သွားနေတာ။ ဒါကလည်း တရားဝင်ဖြစ်သွားပါပြီ။ ပြန်လည် ရုပ်သိမ်းထားပါပြီ။”

ကော့တောင်ကျွန်းလူသတ်မှုဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရပြီး သီတင်းနှစ်ပတ် ကြာတဲ့အထိ တရားခံတွေကို ထိုင်းရဲတပ်ဖွဲ့က ထုတ်ဖော်ပေးနိုင်ခဲ့ငြခင်းမရှိတဲ့အတွက် အများဝေဖန်ခံနေရတဲ့ အမှုဖြစ်ခဲ့ပါတယ်။ တရားခံတွေအဖြစ် မြန်မာလူငယ်တွေကို စွပ်စွဲခဲ့တဲ့အခါမှာလည်း တရားခံတွေမဟုတ်ဘဲ တန်ဆာခံတွေသာဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာတွေနဲ့ လူမှုကွန်ယက်တွေမှာ ဖော်ပြခဲ့တဲ့အတွက် လူအများ စိတ်ဝင်စားမှုခံရတဲ့ အငြင်းပွားစရာအမှုလည်း ဖြစ်လာခဲ့တာပါ။ မြန်မာလူငယ်နှစ်ဦးက အခင်းဖြစ်ပြီးချိန်မှာ သူတို့သတ်ပါတယ်လို့ နိုင်ငံတကာမီဒီယာရှေ့မှာ ဝန်ခံထားတာ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီဝန်ခံချက်ကို ပြန်လည်ငြင်းပယ်ခဲ့ပြီး သူတို့ ပြစ်မှုမကျူးလွန်ကြောင်း ပြောဆိုခဲ့ကြပါတယ်။ အခုဆိုရင် ဒီအမှုကို စစ်ဆေးနေတာ တနှစ်နီးပါးရှိနေပါပြီရှင်။

XS
SM
MD
LG