သုံးရလွယ်ကူစေသည့် Link များ

ဗြိတိန်နိုင်ငံမှာ ကြာသပတေးနေ့ ကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲတွေအတွက် ၀န်ကြီးချုပ် David Cameron နဲ့ အတိုက်အခံခေါင်းဆောင် Ed Miliband တို့ဟာ မဲဆန္ဒရှင်တွေကို နောက်ဆုံးအဆင့် အပြိုင်အဆိုင် မဲဆွယ် စည်းရုံးနေကြပါတယ်။ လူထု စစ်တမ်းတွေအရ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မယ်ဆိုတာ အတတ်မပြောနိုင်သေးဘဲ ဖြစ်နေပါတယ်။

ဝန်ကြီးချုပ် David Cameron ဦးဆောင်တဲ့ ကွန်ဆာဗေးတစ်ပါတီဟာ ဗြိတိသျှမဲဆန္ဒရှင် ၃၃% ရဲ့ ထောက်ခံမှုကို ရရှိထားပြီး Ed Miliband ဦးဆောင်တဲ့ အတိုက်အခံ လေဘာပါတီကတော့ ၃၂% ထောက်ခံမှု ရရှိထားတယ်လို့ ဗုဒ္ဓဟူးနေ့က တနိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီစစ်တမ်းကို ကြည့်ခြင်းအားဖြင့် အဓိက ပါတီကြီး ၂ ခုအနေနဲ့ အစိုးရဖွဲ့နိုင်ဖို့အတွက် အမတ်နေရာ ၆၅၀ ရှိတဲ့ House of Commons လို့ခေါ်တဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ ခွဲဝေအနိုင်ရကြမယ့် ပါတီငယ်လေးတွေနဲ့ ပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ရမယ့် အဖြစ်မျိုးကို ရောက်လာနိုင်ပါတယ်။

အခုနှစ် ရွေးကောက်ပွဲဟာ ဗြိတိန်နိုင်ငံရဲ့ မျိုးဆက်တခုအတွင်း ခန့်မှန်းရအခက်ဆုံးနဲ့ အကျိုးသက်ရောက်မှုတွေ အမျိုးမျိုးဖြစ်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ သုတေသီတွေက သုံးသပ် ပြောဆိုနေကြပါတယ်။

တကယ်လို့ သူသာ ပြန်အရွေးခံခဲ့ရရင် အဖွဲ့ဝင် ၂၈ နိုင်ငံပါတဲ့ (EU) ဥရောပသမဂ္ဂထဲမှာ ဆက်နေသင့် မနေသင့်ဆိုတဲ့ကိစ္စကို လူထုဆန္ဒခံယူပွဲ ကျင်းပသွားမယ်လို့ ၀န်ကြီးချုပ် ကင်မရွန်းက ပြောပါတယ်။ ဗြိတိန်ဟာ ကမ္ဘာမှာ နံပတ် ၅ ခုမြောက် စီးပွားအင်အား အကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။

XS
SM
MD
LG