သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Abu Hamza ကိုအမေရိကန်မှာ စတင်ရုံးထုတ်


အကြမ်းဖက်သမား အဖြစ် စွပ်စွဲခံထားရတဲ့ အစွန်းရောက် မူစလင် တရားဟောဆရာ Abu Hamza al-Masri။ (ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၀၃)။
အကြမ်းဖက်သမား အဖြစ် စွပ်စွဲခံထားရတဲ့ အစွန်းရောက် မူစလင် တရားဟောဆရာ Abu Hamza al-Masri။ (ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၀၃)။
အကြမ်းဖက်သမား အဖြစ် စွပ်စွဲခံထားရတဲ့ အစွန်းရောက် မူစလင် တရားဟောဆရာ အဘူဟမ်ဇာ အယ်လ် မာဆရီ (Abu Hamza al-Masri) နဲ့အတူ နောက်ထပ် အကြမ်းဖက်သမား အဖြစ် သံသယရှိသူ လေးယောက်တို့ဟာ စနေနေ့က ဗြိတိန် နိုင်ငံကနေ အမေရိကန် ပြည်ထောင်စု ကို ရောက်ရှိလာပြီး နာရီပိုင်း အတွင်းမှာပဲ၊ အမေရိကန် တရားရုံးတွေမှာ စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ သူတို့ကို ဗြိတိန်ကနေ အမေရိကန်နိုင်ငံကို မပို့ဖို့ နှစ်ပေါင်းများစွာ တရားဆိုင် ခဲ့ကြပေမဲ့၊ အဘူဟမ်ဇာရဲ့ နောက်ဆုံးအယူခံကို ဗြိတိန်ဗဟိုတရားရုံးက သောကြာနေ့မှာ ပယ်ချခဲ့ပြီးတော့ သူဟာ အမှုရင်ဆိုင်ဖို့ အမေရိကန် ပြည်ထောင်စုကို သွားနိုင်လောက်တဲ့ ကျန်းမာရေး အခြေအနေ ရှိပါတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

စနေနေ့က နယူးယောက်မြို့ ပြည်ထောင်စုတရားရုံးမှာ သူ့ကိုစွဲဆိုထားတဲ့ အမှုတွေကို သူ့ကို အသိပေးခဲ့ပါတယ်။ သူ့ကိုစွဲထားတဲ့ စွဲချက်တွေထဲမှာ အမေရိကန်အနောက်ပိုင်းက အော်ရီဂွန် (Oregon) ပြည်နယ်မှာ အကြမ်းဖက် လေ့ကျင့်ရေး စခန်းတခု ထောင်ဖို့ ကြိုးစားမှု၊ အာဖဂန်နစ္စတန်မှာ Jihad ခေါ် ဘာသာရေးစစ်ပွဲ ဖြစ်ပွားအောင် လှုံ့ဆော်မှု၊ ၁၉၉၈ ခုနှစ်က ယီမင်နိုင်ငံမှာ အနောက် နိုင်ငံတွေက ကမ္ဘာလှည့်ခရီးသည် (၁၆) ဦးကို ဓါးစာခံတွေ အဖြစ် အကြမ်းဖက်သမားတွေက ဖမ်းဆီးရာမှာ ပါဝင် ကူညီမှုနဲ့ ဓါးစာခံ (၄) ဦး သေဆုံးခဲ့ရမှုတွေ ပါဝင်ပါတယ်။

နယူးယောက်မြို့ ပြည်ထောင်စုတရားရုံးမှာပဲ ၁၉၉၈ ခုနှစ်က လူတွေ ရာနဲ့ချီ သေဆုံးခဲ့ရတဲ့ ကင်ညာနဲ့ တန်ဇန်းနီးယား နိုင်ငံတွေက အမေရိကန် သံရုံးတွေကို ဗုံးခွဲတိုက်မှုမှာ ပါဝင်သူအဖြစ် စွပ်စွဲခံထားရတဲ့ အဗ္ဗဒူလ် ဘာရီ (Abdel Abdul Bary) နဲ့ ခါလစ် အယ်လ် ဖေါဝါ့ဇ် (Khalid al-Fawwaz) တို့က၊ သူတို့အပေါ် စွဲဆိုချက်တွေကို ငြင်းပယ် ထားကြပါတယ်။

ကွန်နက်တီကတ် (Connecticut) ပြည်နယ် နယူးဟဲဗင်း (New Heaven) မြို့က တရားရုံးမှာ စွဲချက် တင်ခံထားရတဲ့ ဘာဘာ အာမက် (Babar Ahmad) နဲ့ ဆေယစ်ဒ် တော်လ်ဟာ အာဆန် (Syed Talha Ahsan) တို့ကလည်း သူတို့အပေါ် စွဲဆိုထားတဲ့၊ သူတို့ တည်ထောင်ထားတဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေပေါ်ကနေ အကြမ်းဖက်သမားတွေကို အားပေးကူညီနေမှု၊ ငွေ တပ်သားသစ်တွေနဲ့ ပစ္စည်းတွေ ပံ့ပိုးကူညီပေးနေမှုတွေကို ငြင်းပယ်ထားကြပါတယ်။
XS
SM
MD
LG