သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဲလိဇဘက်ဘုရင်မကြီး စိန်ရတု

ဗြိတိသျှနိုင်ငံက ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးရဲ့ နန်းသက် အနှစ် (၆၀) ပြည့် စိန်ရတု အထိမ်းအမှတ် အခမ်းအနားတွေကို ဗြိတိန်နိုင်ငံတဝှမ်းမှာ ကျင်းပနေကြပါတယ်။ ဒီကနေ့ စနေနေ့မှာ Epsom Derby မြင်းပြိုင်ပွဲကို ဘုရင်မကြီး တက်ရောက်ပြီး ၄ ရက်ဆက်တိုက် ကျင်းပမယ့် စိန်ရတုနန်းသက် အခမ်းအနားတွေကို စတင်ခဲ့ပါတယ်။

ဘုရင်မကြီး နန်းတက်ခဲ့ချိန်အတိမှာ လန်ဒန်၊ အီဒင်ဘာ့က်၊ ကားဒစ်ဖ် နဲ့ ဘဲလ်ဖက်စ်တ် မြို့တွေမှာ အမြောက်တွေ ပစ်ဖောက်ပြီး ဂုဏ်ပြုခဲ့ပါတယ်။

မနက်ဖြန် တနင်္ဂနွေနေ့ကျရင်တော့ ဗြိတိန်နိုင်ငံတဝှမ်းနဲ့ ဒနသဟာရနိုင်ငံတွေက သင်္ဘောပေါင်း ၁,၀၀၀ ကို သိမ်းမြစ်ထဲမှာ အလှပြ ခုတ်မောင်းတဲ့အခါ ဘုရင်မကြီးနဲ့ ကြင်ယာတော် ဖိလစ်မင်းသားကြီးတို့က တော်ဝင် ဖောင်တော်နဲ့ အလယ်ကနေ လိုက်ပါမှာဖြစ်ပါတယ်။

မျိုးချစ်စိတ်ကို ပြသတဲ့အနေနဲ့ လန်ဒန်မြို့လမ်းတွေ ဆိုင်တွေမှာ ဗြိတိန်အလံတွေကို ချိတ်ဆွဲ လွှင့်ထူထားကြပါတယ်။ စိန်ရတု အခမ်းအနားတွေကျင်းပရာ လမ်းဘေး တဘက်တချက်မှာလည်း သက်တော် ၈၆ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးကို နှုတ်ဆက်နိုင်ဖို့ ထောင်ပေါင်းများစွာသော ပြည်သူတွေက စီတန်းစောင့်ကြဖို့ ပြင်ဆင်နေကြပါတယ်။ တနင်္လာနေ့မှာတော့ Buckingham နန်းတော်မှာ နာမည်ကျော် အဆိုတော်တွေ ပါဝင်ဖျော်ဖြေကြမယ့် စိန်ရတု ဖျော်ဖြေပွဲတခုကို ကျင်းပမှာဖြစ်ပါတယ်။

ဘုရင်မကြီးရဲ့ စိန်ရတုနန်းသက် အခမ်းအနား နောက်ဆုံးနေ့ဖြစ်တဲ့ အင်္ဂါနေ့မှာတော့ St Paul’s Cathedral ဘုရားကျောင်းမှာ ဝတ်ပြုပွဲ၊ Westminster ခန်းမမှာ နေ့လည်စာ စားပွဲတွေ ရှိပြီး Buckingham နန်းတော်ဆီကို ဘုရင်မကြီးက မြင်းရထားစီးပြန်မှာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG