ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုအတွက် ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့အမှုကို အာဏာပိုင်တွေက တရားရုံးကို မတင်ပြခင် သက်သေ အထောက်အထားများပါ အမှုတွဲကို ထိုင်းအစိုးရ ရှေ့နေများရုံးထံကို တင်ပြရာမှာ ခိုင်လုံမှု အားနည်းနေသေးတယ်ဆိုပြီး ထပ်မံဖြည့်စွက်ဖို့ အကြံပေးပြီး ထိုင်းအစိုးရရှေ့နေများရုံးက အောက်တိုဘာလ ၈ ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ ကော့တောင်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦးသတ်ဖြတ်ခံရမှုမှာ တရားခံတွေအဖြစ် ဝင်းဇော်ထွန်းနဲ့ ဇော်လင်းဆိုတဲ့ မြန်မာနိုင်ငံသား၂ ဦးကို ရဲစခန်းကနေ စွဲချက်တင်ပြီးခဲ့တာပါ။ ဒီနောက် ဒီအမှုကို တရားရုံးမတင်ခင်မှာ ရဲအာဏာပိုင်တွေရဲ့ တင်ပြထားတဲ့ စာမျက်နှာ ၈၀၀ ကျော်ပါတဲ့ အစီရင်ခံစာကို သက်သေခိုင်မာမှု အားနည်းနေသေးတဲ့အတွက် ထိုင်းအစိုးရ ရှေ့နေများရုံးကနေ ပယ်ချခဲ့ပါတယ်။
ကော့တောင်ကျွန်း လူသတ်မှုနဲ့ပတ်သက်လို့ စစ်ဆေးမေးမြန်းဖို့ မြန်မာသံရုံးက အထူးတာဝန် ပေးခံထားရတဲ့ အဖွဲ့ထဲက ရှေ့နေ ဦးအောင်မျိုးသန့်က အခုလို ရှင်းပြပါတယ်။
“အမှုတွေနဲ့ပတ်သက်လို့ရှိရင် ရဲစခန်းကနေ တရားရုံးတင်ဖို့အတွက်ကို အကြံပေးခေါ်တဲ့ အစိုးရရှေ့နေရုံးကို တင်ရပါတယ်။ အဲ့လိုတင်တဲ့အခါမှာ အမှုနဲ့ပတ်သက်လို့ စစ်ဆေးပေးတာတို့၊ အချက်အလက်တွေ မပြည့်စုံဘဲနဲ့ တရားစွဲတာမျိုးရှိခဲ့ရင် အကြံပေးရုံးခေါ်တဲ့ အစိုးရရှေ့နေရုံးကနေ ဒီဟာကို ရဲကိုပြန်ပို့ပါတယ်။ သဘောကတော့ အမှုခိုင်လုံခြင်းမရှိ၊ ပြန်စစ်ပါလို့ ပြောတာပါခင်ဗျ။ ဒီအမှုကလည်း ဒီလိုဖြစ်တာပါ။ ဒီအမှုဟာ မခိုင်လုံဘူးပေါ့ဗျာ။ ဥပဒေအကြံပေးဖြစ်တဲ့ အစိုးရရှေ့နေရုံးကနေ ပြန်ပြီးတော့ စစ်ဆေးဖို့ဆိုပြီးတော့ ရဲစခန်းကို ပြန်ချပေးလိုက်တာပါ။ တရားရုံးရောက်ဖို့အတွက်ကို ရဲဘက်က ကြိုးစားတာပါ။ ဒါပေမဲ့လည်း အခုလို အစိုးရရှေ့နေရုံးအနေနဲ့ မပြည့်စုံဘူးဆိုရင် သူတို့တရားရုံးရောက်စရာ အကြောင်းမရှိပါဘူး။ သူတို့ပြန်ပြီးတော့ အမှုကို ဒီထက် ခိုင်လုံအောင် ရှာဖွေတင်ပြဖို့ လိုနေတယ်ဆိုတာကို ပြောတာပါ။”
ဒီလို ပြန်လည်စိစစ်ဖို့အတွက် ပယ်ချတာဟာ ဖြစ်ခဲတဲ့အမှုဖြစ်ပြီး လူအများစိတ်ဝင်စားတဲ့ အထင်ကရ အမှုဖြစ်တဲ့အတွက်လည်း သေချာ စိစစ်လိုတဲ့သဘော ရှိတယ်လို့လည်း ဥပဒေပညာရှင်တွေက ကောက်ချက်ချပါတယ်။ ဒီလို ထိုင်းအစိုးရရှေ့နေများရုံးကနေ ပြန်လည်စိစစ်ဖို့ လုပ်ဆောင်ခိုင်းတာဟာ အလားအလာကောင်းအဖြစ် ရှုမြင်ပြီး မြန်မာနိုင်ငံ အစိုးရဘက်ကလည်း သေချာပြင်ဆင်မှု လုပ်ဖို့အတွက် လိုအပ်တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့် က ဆိုပါတယ်။
“သူတို့ဘက်ကနေပြီးတော့ ဥပဒေနားလည်တဲ့သူတွေက တင်ပြလာတဲ့ဟာတွေကို ဥပဒေနားလည်တဲ့ အထက်အဖွဲ့အစည်းကနေပြီးတော့ ဒီဟာက ပြည့်စုံမှုမရှိသေးဘူးလို့ ပြောတာဟာ ကျနော်တို့အတွက် ပိုကောင်းပါတယ်။ သို့သော် ၈၄ ရက် အချိန်ပေးထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီလို ၈၄ ရက် မပြည့်ခင် အတွင်းမှာတော့ သူတို့က ဒီအမှုကို ထပ်မံပြီးတော့ သက်သေခံ အထောက်အထားတွေ ရအောင် ရှာဖွေဖို့ လိုပါလိမ့်မယ်။ သူတို့ကလည်း ရအောင်ရှာမယ့်သဘောတော့ ရှိပါတယ်။ ဒီအခြေအနေမှာ ကျနော်တို့နိုင်ငံဘက်ကနေ ဒီလိုအဖွဲ့အစည်း ခိုင်ခိုင်မာမာနဲ့ နိုင်ငံတော်အဆင့် ကော်မတီဖွဲ့ပြီး ဝင်ရောက်လာမယ်ဆိုရင်တော့ ဒါ ကျနော်တို့အတွက် ပိုပြီးတော့ ကောင်းမယ့် အလားအလာ ရှိပါတယ်။”
အောက်တိုဘာလ ၆ ရက်နေ့ကစပြီး ၃ ရက်ကြာခရီးစဉ်အတွင်း ထိုင်းနိုင်ငံ မြန်မာသံရုံးက ဒုတိယကောင်စစ်ဝန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရားခံအဖြစ် စွပ်စွဲခံရသူတွေကို သွားရောက်မေးမြန်းခဲ့ပြီးတဲ့နောက်မှာတော့ တရားခံအဖြစ် စွပ်စွဲခံရသူတွေဟာ နှိပ်စက်ညှဉ်းပန်းခံရတာကြောင့် ထွက်ဆိုတယ်လို့ ဗွီအိုအေမြန်မာပိုင်းကို ပြောဆိုခဲ့တာပါ။
ဒါပေမဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့လည်း တရားခံတွေက ဝန်ခံထားတာဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းစားရှင်းလင်းပွဲလုပ်ပြီး ရှင်းလင်းပြောဆိုနေသလို ထိုင်းမီဒီယာတွေ၊ ထိုင်းလူမှုကွန်ယက် စာမျက်နှာတွေ၊ ထိုင်းလူထုတွေကြားမှာတော့ မယုံကြည်နိုင်တဲ့အမှုအဖြစ် အငြင်းပွားဖွယ်ဖြစ်နေတာပါ။ ကော့တောင်ကျွန်း လူသတ်မှုဟာ စက်တင်ဘာလ ၁၅ ရက်နေ့မှာဖြစ်ခဲ့ပြီး ဗြိတိန်နိုင်ငံသား အသက် ၂၀ ကျော် လူငယ်များဖြစ်တဲ့ ဒေးဗစ်မစ်လာနဲ့ ဟန်နာတို့ဟာ စူးရှချွန်ထက်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီထဲမှာ ဟန်နာကတော့ အဓမ္မပြုကျင့်ခံရတဲ့ လက္ခဏာတွေနဲ့ သေဆုံးခဲ့ရတာပါ။
စက်တင်ဘာလ ၂၀ ရက်နေ့ကတော့ ထိုင်းရဲတွေက ဟန်နာရဲ့ ကိုယ်ခန္ဓာထဲမှာတွေ့ရတဲ့ သုတ်ပိုး ၂ မျိုးကို မျိုးရိုးဗီဇ စစ်ဆေးချက်အရ အာရှနိုင်ငံသားများ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကော့တောင်ကျွန်း မှာ မြန်မာနိုင်ငံသား ၄၀၀၀ လောက် အလုပ်လုပ်ကိုင်နေကြပြီး ကော့တောင်ကျွန်း လူသတ်မှုကြောင့် မြန်မာနိုင်ငံသား ရာနဲ့ချီပြီး DNA မျိုးရိုးဗီဇတွေရယူပြီး စစ်ဆေးမေးမြန်းခံရသလို အဖမ်းအဆီးတွေကြောင့် ထိပ်လန့်ကြောက်ရွံ့မှုတွေလည်း ရင်ဆိုင်နေကြပါတယ်။