လန်ဒန်မြို့တော်က ဗြိတိသျှပါလီမန် အနီး ဗုဒ္ဓဟူးနေ့ ညနေ အစောပိုင်းမှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှု အဖြစ် အာဏာပိုင်တို့က ကိုင်တွယ်ဆောင် ရွက်နေပါတယ်။ သတင်းတွေ အရ တိုက်ခိုက်သူလို့ မသင်္ကာရသူနဲ့ ရဲအရာရှိတဦး အပါ အဝင် လူအနဲဆုံး ၄ ဦး သေဆုံးကြောင်း စကော့တလန်ယာဒ် ရဲတပ်ဖွဲ့က အတည်ပြု ပါတယ်။
တိုက်ခိုက်မှု လုပ်ဆောင်ရခြင်း အကြောင်းရင်းနဲ့ ပတ်သက်လို့ ဖြစ်နိုင်ချေအားလုံးကို ထည့်သွင်းစဉ်းစား လျက်ရှိပေမယ့် ဒီဖြစ်ရပ်ကို အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာ စုံစမ်း စစ်ဆေးမှု အဖြစ် အပြည့်အဝ စတင်စုံစမ်းနေပြီဖြစ်ကြောင်း စကော့တလန်ယာဒ် ရဲချုပ် BJ Harrington က ဗုဒ္ဓဟူးနေ့ လန်ဒန်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို လူတဦးတည်းကသာ လုပ်ဆောင်ခဲ့ကြောင်း ရဲအရာရှိတွေက ရည်ညွှန်းပြောကြားခဲ့ပေမယ့် နောက်ထပ် တိုက်ခိုက်သူတွေ ရှိမရှိကို အတည်ပြုနိုင်ဖို့ ဆက်လက် ရှာဖွေဆဲ ရှိပါတယ်။
လွှတ်တော်ဝင်းအတွင်း ရဲအရာရှိတဦးကို ဓါးနဲ့ ထိုးခဲ့တဲ့ တိုက်ခိုက်သူကို တခြားရဲအရာရှိတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီးတဲ့ နောက်မှာ လွှတ်တော်ဝင်းရဲ့ အဝင်အထွက်ကို အရေးပေါ် ပိတ်ပစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မတိုင်ခင်က ဓါးနဲ့ အထိုးခံရတဲ့ ရဲအရာရှိဟာ နောက်ပိုင်းမှာ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။ အနီးရှိ Westminster တံတားပေါ်မှာ ကားတစီးက လူအတော်များများကို ဝင်တိုက်ခဲ့တဲ့အတွက် အနဲဆုံး လူ၂ ဦးသေဆုံးပြီး နောက် ၈ ဦး ဒါဏ်ရာတွေ ရခဲ့ပါတယ်။
တိုက်ခိုက်မှုဟာ အဆင့် ၃ ဆင့်ခွဲ ကြံစည်မှု ဖြစ်ပုံရတယ်လို့ အကြီးတန်း ရဲအရာရှိတဦးက VOA ကို ပြောပါတယ်။
အောက်လွှတ်တော် အနီးရှိ Westminster တံတားပေါ်မှာ SUV ကားတစီးက ပလက်ဖေါင်းပေါ် တက်မောင်းခဲ့ပြီး လမ်းသွားလမ်းလာ တွေကို ကားနဲ့ ဝင်တိုက်ခဲ့တာ ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီ SUV ကားဟာ နန်းတော်ဟောင်းဝင်းရဲ့ ဂိတ်ဝ အနီးရှိတဲ့ ခြံစည်းရိုးတဝိုက် တခြား လမ်းသွားလမ်းလာတွေကိုလည်း ဝင်တိုက်ခဲ့တယ်လို့ ရဲဘက်က ပြောပါတယ်။ အဲဒီကားမောင်းသူဟာ ဂိတ်ဝထဲ ပြေးဝင်လာပြီး သူ့ကို ဟန့်တားဖို့ ကြိုးစားတဲ့ ရဲအစောင့် နဲ့တွေ့တဲ့အခါ ရဲကို ဓါးနဲ့ အကြိမ်များစွာ ထိုးခဲ့အပြီး တခြားရဲတွေက တိုက်ခိုက်သူ ကို သေနတ် နဲ့ ပစ်ခတ်ခဲ့တယ်လို့ အကြီးတန်း ရဲအရာရှိက ပြောပါတယ်။
လန်ဒန်စံတော်ချိန် နေ့လည် ၂ နာရီ ၃၈ မိနစ် မှာ သေနတ်သံကြားရချိန် က အောက် လွှတ်တော် အတွင်းမှာ အငြိမ်းစား လစာ ပြုပြင်ပြောင်းလဲ ရေး ဥပဒေမူကြမ်းကို လွှတ်တော် အမတ်တွေ ဆွေးနွေးနေချိန်ဖြစ်ပါတယ်။ သေနတ်သံ ၆ ကြိမ်လောက် ကြားခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဝါရှင်တန်ဒီစီမှာတော့ သမ္မတ Donald Trump က ဗြိတိသျှ ဝန်ကြီးချုပ် Theresa May နဲ့ တယ်လီဖုံးနဲ့ ဆက်သွယ် စကားပြောရာမှာ သမ္မတကို လန်ဒန်မြို့ အခြေနေအကြောင်း ရှင်းလင်း ပြောကြားခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
ဗြိတိန်က အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် သတ်မှတ်ထားတဲ့ Westminster တိုက်ခိုက်မှု ကို အမေရိကန်က ရှုံ့ချ ပြစ်တင်ကြောင်းနဲ့ ဗြိတိသျှ ရဲတွေရဲ့ လျှင်မြန်တဲ့ တုန့်ပြန်အရေးယူ မှုတွေကို ချီးကျူးကြောင်း အိမ်ဖြူတော် ပြောခွင့်ရ Sean Spicer ကပြောပါတယ်။ တိုက်ခိုက်မှု ဖြစ်ပွါးချိန်မှာ ဗြိတိသျှဝန်ကြီးချုပ် Theresa May ဟာ အောက်လွှတ်တော် ခန်းမ တဖက်ရှိ မဲပေးတဲ့ အဆောင်မှာ ရှိနေတာ ဖြစ်ပါတယ်။ သူ့ကို အရပ်ဝတ် သက်တော်စောင့်တွေက အောက်လွှတ်တော်အဆောက်ဦး အပြင်ဘက် ဘေးကင်းရာကို အမြန်ခေါ်ဆောင် သွားခဲ့ပါတယ်။
လွှတ်တော် အဆောက်အဦးနဲ့ Westminster တံတားရှိရာ ရှိရာဒေသတခုလုံးကို လက်နက် ကိုင်ရဲတွေက ပိတ်ထားလိုက်ပါတယ်။ တိုက်ခိုက်ချိန်မှာ အစည်းဝေးတက်နေတဲ့ လွှတ်တော် အမတ် အားလုံးကိုလည်း ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို အကြမ်းဖက်မှုလို့ သတ်မှတ်မယ် ဆိုရင် ဒါဟာ ၂၀၁၃ မေလမှာ မူစလင် အစန်းရောက် အကြမ်းဖက်သမား လို့ သူ့ကိုယ်သူ ကြေညာထားသူ တဦးက လန်ဒန်မြို့လမ်းမပေါ်မှာ တာဝန်ချိန်ပြင်ပ ဗြိတိသျှစစ်သား Lee Rigby ကို ဓါးနဲ့ အသေ ခုတ်သတ် ခဲ့တဲ့ ဖြစ် ရပ်နောက်ပိုင်း ပထမဆုံး ဖြစ်ပွါးတဲ့ အကြမ်းဖက် တိုက်ခိုက် မှု ဖြစ် မှာပါ။
ဒါ့အပြင် ၁၉၇၉ ခုနှစ်က ထိုစဉ် ဝန်ကြီးချုပ် Margaret Thatcher ရဲ့ လူယုံတော် ရှေးရိုး စွဲ နိုင်ငံရေးသမား Airey Neave သေဆုံးခဲ့ရတဲ့ IRA အိုင်ယာလန် လက်နက်ကိုင် အဖွဲ့က အောက်လွှတ်တော်ကို ဗုံးခွဲမှုအပြီး ဒါဟာ အောက်လွှတ်တော်အနေနဲ့ အဆိုးဆုံး ဗုံးခွဲတိုက်ခိုက်ခံရမှု ဖြစ်ပါတယ်။
အခု နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ လန်ဒန်မြို့ အကြမ်းဖက်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ အဆိုအရ တိုက်ခိုက်သူ အပါအဝင် လူ ၄ ဦး သေဆုံးပြီး တံတားပေါ်မှာ ကားနဲ့ အတိုက်ခံရလို့ သေဆုံးသူ တဦးဟာ အမျိုးသမီးဖြစ်တယ်လို့ သိရပါတယ်။ လူ ၂၀ ဒဏ်ရာရရှိရာမှာ ရဲအရာရှိ ၃ ဦး အပြင် အလည်အပတ်လာနေတဲ့ ပြင်သစ် အထက်တန်း ကျောင်းသားတွေလည်း ပါဝင်ကြောင်း သိရပါတယ်။