သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အဆုံးသတ်ရေးညီလာခံ လန်ဒန်မှာစတင်


စစ်ပွဲ၊ ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် အနိုင်ကျင့်မှုတွေ ပပျောက်စေရေး ကမ္ဘာလုံးဆိုင်ရာ ၃ ရက်ကြာညီလာခံကို UK နိုင်ငံ လန်ဒန်မြို့မှာ အင်္ဂါနေ့က စတင် ကျင်းပပါတယ်။ စစ်ပွဲတွေအတွင်း အဓမ္မပြုကျင့်မှုကို လက်နက်တခုသဖွယ် သုံးနေတာတွေကို အဆုံးသတ်အောင် လုပ်လို့ရပါတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရဲ့ အထူးကိုယ်စားလှယ် ဟောလီးဝုဒ်မင်းသမီး Angelina Jolie က ညီလာခံဖွင့်ပွဲမှာ ပြောကြားသွားပါတယ်။

ပဋိပက္ခတွေဖြစ်နေချိန်မှာ အဓ္ဓမပြုကျင့်မှုတွေက ရှောင်လွှဲလို့ ရမှာ မဟုတ်ဘူးလို့ ဒဏ္ဍာရီဆန်ဆန် ယုံမှတ်နေကြတာပါ။ ရှောင်လို့ မရစရာအကြောင်း ဘာမှ မရှိပါဘူး။ စစ်ပွဲတွေအတွင်း အရပ်သားတွေအပေါ် အဓမ္မကျင့်ပြီး လက်နက်တခုလို အသုံးချနေတာပါ။ လိင်ကိစ္စနဲ့လည်း ဘာမှမဆိုင်ပါဘူး။

အင်အားကြီးမားမှုကို အသုံးချပြီး အနိုင်ကျင့်တာ သက်သက်သာ ဖြစ်ပါတယ်။ အပြစ်မဲ့သူတွေကို နှိပ်စက် အရှက်ခွဲဖို့ လုပ်တဲ့ကိစ္စ ဖြစ်ပါတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရဲ့ အထူးကိုယ်စားလှယ် ဟောလီးဝုဒ် မင်းသမီး Angelina Jolie ပြောကြားသွားတာ ဖြစ်ပါတယ်။

စစ်ပွဲတွေအတွင်း အဓမ္မပြုကျင့်မှုတွေ အဆုံးသပ်စေရေး ကမ္ဘာ့ပထမဆုံးကျင်းပတဲ့ ညီလာခံမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague ကလည်း စစ်ပွဲတွေဖြစ်တဲ့ နေရာမှာ လိင်ပိုင်းဆိုင်ရာ စော်ကားအနိုင်ကျင့်မှုတွေ ရပ်သွားစေဖို့ အခုကစပြီး အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားကြရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဇွန်လ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ လန်ဒန်မှာကျင်းပနေတဲ့ ညီလာခံမှာ ကမ္ဘာတဝှမ်းက အစိုးရကိုယ်စားလှယ်တွေ၊ စစ်တပ်နဲ့ တရားရေးဆိုင်ရာ တာဝန်ရှိသူတွေ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူတွေ တက်ရောက်နေကြပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေး ဒုဝန်ကြီး ဦးသန့်ကျော်လည်း တက်ရောက်ပါတယ်။

မြန်မာနိုင်ငံ လူထုအခြေပြု အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေအပြင် မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် WLB က ကိုယ်စားလှယ်တွေ၊ ကချင်၊ ကရင်၊ ရှမ်း အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်နေကြပါတယ်။ စစ်ပွဲပဋိပက္ခတွေအတွင်း လိင်းပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အဆုံးသပ်အောင် လုပ်မယ်လို့ သန္ဒိဌာန်ခိုင်မာတဲ့ ကုလလသမဂ္ဂရဲ့ ကြေညာစာတမ်းမှာ သမ္မတဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံအတွက် ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ လက်မှတ်ရေးထိုးခဲ့ပါတယ်။
XS
SM
MD
LG