ဗြိတိန်နိုင်ငံမှာ ကျောင်းလခတွေ တိုးမြှင့်ဖို့ အစိုးရက စီစဉ်နေတဲ့အပေါ် ရုန်းရင်းဆန်ခတ် ကန့်ကွက် ဆန္ဒပြခဲ့ကြတဲ့ တက္ကသိုလ် ကျောင်းသားတွေဟာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မ်ရွန်း (David Cameron) ရဲ့ လန်ဒန်မြို့က ပါတီရုံးချုပ် အဆောက်အဦးထဲကို ဗုဒ္ဓဟူးနေ့က ချိုးဖျက် ဝင်ရောက်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ အဆောက်အဦး မြေညီထပ်က ပြတင်းပေါက် မှန်တွေကို ရိုက်ခွဲပြီး ကွန်ဆာဗေးတစ်ပါတီ ရုံးချုပ်ထဲကို ဝင်ရောက်ခဲ့ကြပြီးတော့ နံရံတွေ၊ ပရိဘောဂ ပစ္စည်းတွေကို ဖျက်ဆီးပြီး မျက်နှာကျက်ကို ဖြိုချခဲ့ကြပါတယ်။
ကျောင်းသားတချို့က အဆောက်အဦး ခေါင်မိုးပေါ်ကနေ ရဲတပ်ဖွဲ့ဝင်တွေကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ကြပြီး တခြားကျောင်းသားတွေက အဆောက်အဦးရှေ့ လမ်းပေါ်မှာ ပစ္စည်းတွေကို မီးရှို့ခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေ အပါအဝင် လူ ၈ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ထောင်ပေါင်းများစွာသော ကျောင်းသားတွေနဲ့ ပါမောက္ခတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာနဲ့အမျှ ပါတီရုံးချုပ်က ဝန်ထမ်းတွေကို ကယ်ထုတ်ပေးခဲ့ရပါတယ်။ ဆန္ဒပြသူ ၂၀,၀၀၀ နီးပါး ရှိမယ်လို့ ရဲတပ်ဖွဲ့ကပြောပြီး စီစဉ်သူတွေကတော့ ၅၀,၀၀၀ လောက် ရှိမယ်လို့ ဆိုပါတယ်။