ဆီးရီးယားက IS စစ်သွေးကြွတွေအပေါ် လေကြောင်းကနေ ပါဝင်တိုက်ခိုက်ဖို့ ၀န်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းရဲ့ အဆိုပြုချက်ကို ဗြိတိန်လွှတ်တော် အမတ်တွေက ထောက်ခံမဲ ၃၉၇၊ ကန့်ကွက်မဲ ၂၂၃ နဲ့ ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပါတယ်။
စစ်သွေးကြွလှုပ်ရှားမှုကို ချေမှုန်းရာမှာ ဒီလေကြောင်းကနေ တိုက်ခိုက်မှုတွေဟာ ပိုမိုကျယ်ပြန့်တဲ့ မဟာဗျူဟာရဲ့ အစိတ်အပိုင်းတရပ် ဖြစ်တယ်လို့ ၀န်ကြီးချုပ် ကမ်မရွန်းက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ ဗြိတိန်အနေနဲ့ အီရတ်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ၁ နှစ်ကျော်လာပြီဖြစ်ပြီး၊ ဒီဗုံးကြဲတိုက်ခိုက်မှုတွေကို ဆီးရီးယားရှိ စစ်သွေးကြွပစ်မှတ်တွေဆီ တိုးချဲ့ဖို့ ၀န်ကြီးချုပ် ကမ်မရွန်းက လွှတ်တော်အမတ်တွေကို တိုက်တွန်းခဲ့ပြီး စစ်သွေးကြွတွေဟာ အနောက်နိုင်ငံတွေမှာ တိုက်ခိုက်မှုတွေကို ကြံစည်နေတယ်လို့ ပြောခဲ့ပါတယ်။
လွှတ်တော်မှာ အကြိတ်အနယ် ၁၀ နာရီကြာ ဆွေးနွေးအပြီး ၀န်ကြီးချုပ်ရဲ့ မေတ္တာရပ်ခံချက်ကို အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။ အတိုက်အခံ လေဘာပါတီခေါင်းဆောင် Jeremy Corbyn က ဒီအတည်ပြုချက်ကို ကန့်ကွက်ခဲ့ပါတယ်။ YouGov အွန်လိုင်း သုတေသန ကော်မတီတခုရဲ့ စစ်တမ်းကောက်ခံချက်အရ ဆီးရီးယားမှာ စစ်ရေးအရ တိုက်ခိုက်မှုအပေါ် ဗြိတိန်နိုင်ငံသားတွေရဲ့ ထောက်ခံမှုဟာ ၂၀၁၄ စက်တင်ဘာလကစလို့ အနိမ့်ဆုံးအဆင့်ကို ရောက်နေတာ တွေ့ရပါတယ်။