သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာဝန်သိရင်းနှီးမြှုပ်နှံမှုအတွက် မြန်မာကို ဗြိတိန် ပေါင် ၆ သိန်းထောက်ပံ့မည်


ဗြိတိန်နိုင်ငံ အရှေ့တောင်အာရှရေးရာ ဝန်ကြီး Hugo Swire
ဗြိတိန်နိုင်ငံ အရှေ့တောင်အာရှရေးရာ ဝန်ကြီး Hugo Swire
မြန်မာ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် အထောက်အကူ ရစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာသမ္မတက ဥရောပခရီးစဉ် လှည့်လည်နေစဉ်မှာပဲ မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံ အရှေ့တောင်အာရှရေးရာ ဝန်ကြီး ဟူဂို စွိုင်းယား (Hugo Swire) က လူ့အခွင့်အရေးနဲ့ မြန်မာ့အရေး ဆောင်ရွက်သူတွေကို မတ်လ ၄ ရက်နေ့က တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ဗြိတိန်အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒအတွက် ဦးစားပေးအဆင့်မှာ ရှိနေပြီး နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ အပါအဝင် သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တယ်လို့ သူ့အနေနဲ့ ရှုမြင်တယ်လို့ ဝန်ကြီး ဟူဂို စွိုင်းယား (Hugo Swire) က ပြောဆိုပါတယ်။

ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန DFID က ဒိန်းမတ်နိုင်ငံနဲ့ ပူးတွဲပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ လူ့အခွင့်အရေးနဲ့ တာဝန်သိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အဖွဲ့အစည်း တည်ထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံကို ထောက်ပံ့ငွေ စတာလင်ပေါင် ၆ သိန်း ပေးအပ်လိုက်တဲ့အတွက် ဝမ်းမြောက်ကြောင်းကိုလည်း သူက တဆက်တည်း ပြောဆိုပါတယ်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၁၄ ခုနှစ် ဧပြီလအတွင်းမှာ ကုလသမဂ္ဂ လမ်းညွှန်မှုတွေနဲ့အညီ တာဝန်သိ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ လူ့အခွင့်အရေး ကာကွယ်ထိန်းသိမ်းရေးအတွက် အစိုးရ၊ လူထုအခြေပြု လူ့အဖွဲ့အစည်း၊ ပြည်သူ့ လွှတ်တော်နဲ့ ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွေကြား ဆွေးနွေးညှိနှိုင်းနိုင်တဲ့ အခြေခံ တရပ် နဲ့အတူ အရည်အသွေး မြှင့်တင်မှုနဲ့ ဆွေးနွေးလေ့လာမှုတွေ အကောင်အထည် ဖော်ပေးမယ့် အဖွဲ့အစည်းကြီးတခု ထူထောင်ဖို့အတွက် ဒီထောက်ပံ့ငွေကို သုံးစွဲမှာ ဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းကနေ နိုင်ငံတကာနဲ့ မြန်မာစီးပွားရေးလုပ်ငန်းတွေ၊ အစိုးရ၊ ပါလီမန်၊ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေကြားမှာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးနဲ့ စီးပွားရေး လမ်းညွှန်ချက်တွေနဲ့အညီ တာဝန်သိစီးပွားရေး လုပ်ထုံးလုပ်နည်း responsible business practice တွေ ထွန်းကားလာအောင် အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဘဏ်နဲ့ ပွင့်လင်းမြင်သာတဲ့ သယံဇာတ ရင်းမြစ် ထုတ်လုပ်ရေးဆိုင်ရာ Extractive Industries Transparency Initiative အဖွဲ့တွေအတွက် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် အကဲဖြတ်ရေး Investment Climate Assessment လုပ်ငန်း အကောင်အထည်ဖော်ရေးအတွက် အစိုးရ၊ လူထုအခြေပြုအဖွဲ့တွေနဲ့ ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွေကို ကူညီထောက်ပံ့မယ့် တာဝန်သိရင်းနှီးမြှုပ်နှံမှုတွေကိုလည်း အားပေးကူညီမှာ ဖြစ်ပါတယ်။

လတ်တလော ဥရောပခရီးစဉ်အတွင်းမှာ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဘယ်လ်ဂျီယံနိုင်ငံမှာ ဥရောပသမဂ္ဂ အဆင့်မြင့် အစည်းအဝေး တက်ရောက်ဖို့ရှိပြီး အဲ့ဒီနောက်မှာတော့ အီတလီနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာသမ္မတ ဟာ EU ကော်မရှင်ဥက္ကဌ ဟိုဆေး မန်နျူရယ် ဘာရိုးစိုး (Jose Manuel Barroso) နဲ့ EU အလှည့်ကျဥက္ကဌ ဟာမန် ဗန် ရွမ်ပေး (Herman Van Rompuy)၊ ဥရောပပါလီမာန် ဥက္ကဌ မာတင် ရွဇ် (Martin Schulz) တို့နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။
XS
SM
MD
LG