သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဇန်နဝါရီလဆန်း မြန်မာပြည်သွားမည်


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ဂ် (ဝဲ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (ယာ) တို့ အမေရိကန် နိုင်ငံခြားရေးဌာနတွင် ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဒီဇင်ဘာလ ၁၂၊ ၂၀၁၁)
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ဂ် (ဝဲ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (ယာ) တို့ အမေရိကန် နိုင်ငံခြားရေးဌာနတွင် ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဒီဇင်ဘာလ ၁၂၊ ၂၀၁၁)

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ဂ် (William Hague) က မြန်မာနိုင်ငံကို နောက်နှစ် ဇန်နဝါရီလ အစောပိုင်းမှာ သွားရောက်မှာဖြစ်တယ်လို့ ဝါရှင်တန်မြို့တော်မှာ ရောက်ရှိနေစဉ် တနင်္လာနေ့က ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ နှစ်နိုင်ငံကြား အရေးပါတဲ့ကိစ္စရပ်တွေ ဆွေးနွေးအပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ဗြိတိန်ဝန်ကြီး ဝီလျံဟိတ်ဂ် က ပြောဆိုခဲ့တာဖြစ်ပါတယ်။ အကြောင်းစုံကို ဦးရောနီညိမ်းက တင်ပြထားပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေတဲ့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ဂ် နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ တွေ့ဆုံခဲ့ရာမှာ နှစ်နိုင်ငံကြား အလေးထားပြီး စိုးရိမ်မကင်း ဖြစ်နေရတဲ့ကိစ္စရပ်တွေ ဖြစ်တဲ့ ဥရောပ စီးပွားရေး ပဋိပက္ခ၊ အီရန်အပေါ် တိုးမြှင့် အရေးယူဒဏ်ခတ်ရေးကိစ္စ၊ အာဖဂန်နစ္စတန်ရဲ့ အသွင်ကူးပြောင်းရေးကာလ ကိစ္စ၊ ပါကစ္စတန် အရေးကိစ္စတွေအပြင် မြန်မာနိုင်ငံ အရေးကိစ္စ ကိုပါ ဆွေးနွေးခဲ့ကြပါတယ်။

အခုလို ဆွေးနွေးရာမှာ အာရှပစိဖိတ်ဒေသတွင်း အမေရိကန်ရဲ့ ပိုမိုပါဝင်လှုပ်ရှားလာတဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၅၆ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၂ ရက်နေ့အထိ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကို ဝန်ကြီးဟိတ်ဂ် က ကြိုဆိုထောက်ခံလိုက်ပြီး သူ့အနေနဲ့လည်း ရှေ့လ ဇန်နဝါရီလမှာ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ရဲ့ ဘုံဦးတည်ချက်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်ခွင့်တွေ ပိုပြီးတော့ ရလာစေဖို့ ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေနဲ့ ဒီလိုလွတ်လပ်ခွင့်တွေ ပိုရရေး ဦးတည်ချက်ကို ပိုပြီးတော့ အောင်မြင်အောင် ဆောင်ရွက်ဖို့ပါ။ ဒါက သိပ်ကိုအရေးကြီးပါတယ်။ ကျနော် ဇန်နဝါရီလဆန်းထဲမှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပြီး မြန်မာ့အရေး အပါအဝင် တခြား ကိစ္စတွေနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုနဲ့ နီးနီးကပ်ကပ် ဆက်သွယ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ မြန်မာသမ္မတ ဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရအဖွဲ့ ခေါင်းဆောင်တွေ၊ မြန်မာနိုင်ငံက လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာတော့ ဝန်ကြီးကလင်တန်က လွတ်လပ်ခွင့်တွေအတွက် မြန်မာနိုင်ငံမှာ အစပျိုးတဲ့ခြေလှမ်းတွေ တွေ့နေရပေမဲ့ တကယ်စစ်မှန်တဲ့ ပြောင်းလဲမှုတွေရှိလာဖို့ လုပ်စရာအလုပ်တွေ အများကြီး ကျန်နေသေးတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ ဝန်ကြီး ဟီလာရီကလင်တန်တို့ အောင်အောင်မြင်မြင် တွေ့ဆုံဆွေးနွေး နိုင်ခဲ့မှုအတွက် မိမိအနေနဲ့ ဝမ်းမြောက်ဝမ်းသာရှိတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပြီးတော့ တရုတ်နိုင်ငံကလည်း ဝန်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ထောက်ခံကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံကို ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ဂ် သွားရောက်မယ့်သတင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း ကြိုဆိုကြောင်း သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။

“ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်သတင်းကို ကျမ ကြိုဆိုပါတယ်။ သံတမန်ရေးအရ ဆက်လက် အရေးပေး ဆောင်ရွက်သွားခြင်းအားဖြင့် ကျမတို့အနေနဲ့ မြန်မာအစိုးရသစ်ကို စမ်းသပ်နိုင်ဖို့ အခွင့်အလမ်းကောင်း ရလိမ့်မယ်လို့ ကျမ ထင်ပါတယ်။ ဒါ့အပြင် ၂၁ ရာစုမှာ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံ အသိုင်းအဝိုင်းကြား နေရာမှန် ရောက်နိုင်ဖို့ ကြိုးပမ်းမှုအတွက်လည်း အဟန့်အတားဖြစ်နေတဲ့ ကျန်ရှိနေသေးတဲ့ ပြဿနာတွေ ဖြေရှင်းရေးအတွက်လည်း လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ မြန်မာအစိုးရသစ်အနေနဲ့ ဆန္ဒရှိတယ်ဆိုရင် ဘယ်လိုလမ်းမျိုး လျှောက်လှမ်းရမယ်ဆိုတာက ရှင်းပါတယ်။”

ဗြိတိသျှဝန်ကြီး ဝီလျံဟိတ်ဂ် မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်သလို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း မြန်မာနိုင်ငံကို ဗြိတိန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး အန်ဒရူးမစ်ချဲလ် သုံးရက်ကြာခရီး သွားရောက်ပြီးတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအဝင် မြန်မာအစိုးရ ခေါင်းဆောင်တွေ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဝန်ကြီး အဲန်ဒရူးမစ်ချဲလ်ကလည်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို သတိကြီးကြီးနဲ့ အကောင်းမြင် သုံးသပ်နေမယ်လို့ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG