သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသူလျှိုဟောင်း အဆိပ်ခတ်ခံရ ဗြိတိန် ရဲ အတည်ပြု


ဗြိတိန် ရဲတပ်ဖွဲ့ ဒုတိယကော်မရှင်နာမင်းကြီး Mark Rowleyက ရုရှား နှစ်ဘက်သူလျှိုဟောင်းတဦးဟာ ခန္ဓာကိုယ် အာရုံကြော ချို့ယွင်းပျက်စီးစေတဲ့ ဓာတုအဆိပ် ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ပြောကြားစဉ်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က သတ်ပစ်မယ်လို့ အခိုင်အမာပြောခဲ့ဖူးတဲ့ ရုရှား နှစ်ဘက်သူလျှိုဟောင်းတဦးဟာ ခန္ဓာကိုယ် အာရုံကြော ချို့ယွင်းပျက်စီးစေတဲ့ ဓာတုအဆိပ် ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ဗြိတိန်၊ အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေး ရဲတပ်ဖွဲ့ကပြောပါတယ်။

Sergei Skripal နဲ့ သူ့ရဲ့ အသက် ၃၃ နှစ်အရွယ် သမီးဖြစ်သူတို့ အဆိပ်ခတ်ခံရတဲ့အပေါ် စုံစမ်းစစ်ဆေးမှုကို COBRA လို့သိကြတဲ့ ဗြိတိသျှအစိုးရရဲ့ အဆင့်မြင့် အရေးပေါ်ကော်မတီကို အစီရင်ခံတင်ပြပြီးတဲ့နောက် အခုလိုပြောလိုက်တာပါ။

ဒီဖြစ်ရပ်ကို အာရုံကျောထိခိုက် ဓာတုအဆိပ် အသုံးပြုပြီး လူသတ်ဖို့ ကြိုးပမ်းမှုပါဝင်တဲ့ ဖြစ်ရပ်ကြီးတခုအဖြစ် သတ်မှတ် ကိုင်တွယ်နေတယ်လို့ ရဲတပ်ဖွဲ့ ဒုတိယကော်မရှင်နာမင်းကြီး Mark Rowley ကပြောပါတယ်။ ဖခင်နဲ့ သမီး နှစ်ဦးစလုံး အပြင်းအထန် နာမကျန်းဖြစ်နေဆဲပဲလို့လည်း ဆိုပါတယ်။ အသုံးပြုခဲ့တဲ့ ဓာတုအဆိပ် အတိအကျကို ဒုရဲကော်မရှင်နာမင်းကြီးက မပြောသလို ဘယ်လို လုပ်ခဲ့တယ်ဆိုတာကိုလည်း မပြောပါဘူး။

ပုံမှန်အားဖြင့် အေးဆေးငြိမ်သက်တဲ့ Salisbury မြို့မှာ တနင်္ဂနွေနေ့ကဖြစ်ခဲ့တဲ့ ဒီအဆိပ်ခတ်ဖြစ်ရပ်ကနေ ဗြိတိန်နိုင်ငံအတွက် လုံခြုံရေးနဲ့ သံတမန်ရေးဆိုင်ရာ အကျပ်အတည်း အခြေအနေတခု ရောက်သွားမယ့်အလားအလာရှိနေပါတယ်။ ရုရှား ထောက်လှမ်းရေးနဲ့ ဆက်စပ်နေနိုင်ခြေရှိတဲ့ မကြာသေးခင်က ဗြိတိန်မှာ သံသယဖြစ်ဖွယ်သေဆုံးမှု တဒါဇင်ကျော်ကို အရေးပေါ် စုံစမ်းစစ်ဆေးဖို့ လွှတ်တော် အမတ်တွေက အစိုးရကိုတောင်းဆိုနေပါတယ်။ အသက် ၆၆ နှစ်အရွယ် Skripal နဲ့ သူ့ရဲ့သမီး Yulia တို့ကို ကုန်တိုက် တခုအပြင်က ခုံတန်းမှာ သတိလစ်မေ့မျောနေတာ တွေ့ခဲ့ပြီးတဲ့နောက် ဆေးရုံမှာ အပြင်းအထန် ကုသမှုခံယူနေကြတာပါ။

XS
SM
MD
LG