သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

British Open မှာ ပထမဆုံး ဆွီဒင်နိုင်ငံသား အနိုင်ရ


British Open မှာ ပထမဆုံး ဆွီဒင်နိုင်ငံသား အနိုင်ရ

ဆွီဒင်နိုင်ငံသား ဂေါက်သီးကစားသမား Henrik Stenson ဟာ British Open လို့ခေါ်တဲ့ The Open Champion ဂေါက်သီးပြိုင်ပွဲမှာ အနိုင်ရသွားပါတယ်။ ဒါဟာ Stenson အနေနဲ့ Major ချန်ပီယံဆုကြီးကို ပထမဆုံးအကြိမ် ရရှိခြင်းလည်း ဖြစ်ပါတယ်။

Scotland က Royal Troon ဂေါက်ကလပ်မှာ ၁၄၅ ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ British Open ပြိုင်ပွဲမှာ ရိုက်ချက်အနဲဆုံး ၂ ဦးဖြစ်တဲ့ အသက် ၄၀ အရွယ် Stenson နဲ့ အမေရိကန် ဂေါက်သီးအကျော်အမော် Phil Mickelson တို့ ၂ ဦး တနင်္ဂနွေနေ့က ထိပ်တိုက် ယှဉ်ပြိုင်ကြတာမှာ Stenson က ရိုက်ချက် -၂၀ နဲ့ အနိုင် ရသွားတာ ဖြစ်ပါတယ်။ Phil Mickelson ကတော့ ရိုက်ချက် - ၁၇ နဲ့ ဒုတိယဆု ရရှိသွားပါတယ်။ ဒီပြိုင်ပွဲဟာ နှစ်စဉ် ကျင်းပတဲ့ ပရော်ဖက်ရှင်နယ် ဂေါက်သီးပြိုင်ပွဲရဲ့ Major ဆုကြီး ၄ ခုထဲက ၃ ခုမြောက်လည်း ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ပြုလုပ်တဲ့ နောက်ဆုံးပြိုင်ပွဲနေ့မှာ Stenson က ၆၃ ချက်သာ ရိုက်ခဲ့တဲ့အတွက် ကြာသပတေးနေ့ ပထမဆုံးနေ့က Mickelson ရိုက်ခဲ့တဲ့ တနေ့တာအတွက် အနိမ့်ဆုံး အချက်ရေနဲ့ တူသွားတာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ နံပတ် (၆) အဆင့်ရှိတဲ့ Stenson ဟာ နောက်ဆုံး ၁၈ ကြွင်းကို Birdie တချက်လျော့နဲ့ အဝေးကြီးကနေ သွင်းပြီး အောင်ပွဲခံလိုက်တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဂေါက်သီးပြိုင်ပွဲရဲ့ Major ဆုကြီးတွေကို ပထမဆုံးအနိုင်ရလိုက်တဲ့ ဆွီဒင်နိုင်ငံသား Stenson က သတ်မှတ်ချက်ထက် အချက် ၂၀ လျော့ပြီး ရိုက်လိုက်တာဟာ Major ဆုကြီးတွေယှဉ်ပြိုင်မှုအတွင်း အနိမ့်ရိုက်ချက်အဖြစ် စံချိန်တင်လိုက်တာလည်း ဖြစ်ပါတယ်။

Major ဆုကြီးပေါင်း ၅ ခု ရရှိဘူးတဲ့ အသက် ၄၆ နှစ်အရွယ် Mickelson ကတော့ နောက်ဆုံးနေ့မှာ ၆၅ ချက်ရိုက်ပြီး စုစုပေါင်း ရိုက်ချက်မှာ Stenson ထက် ၃ ချက်ပိုပြီး ရိုက်ခဲ့တာ ဖြစ်ပါတယ်။

British Open မှာ ပထမဆုံး ဆွီဒင်နိုင်ငံသား အနိုင်ရ
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG