သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ပါလီမန် အဆောက်အဦး အပြင်ဘက် အတားအဆီးတွေ ကားနဲ့ဝင်တိုက်သူကို ဖမ်းဆီး


ဗြိတိန်နိုင်ငံမှာ လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးသမားတွေကို အမျိုးသားတဦးက ကားနဲ့ဝင်တိုက်ခဲ့ပြီး၊ နောက်ဆက်တွဲ လွှတ်တော် အဆောက်အအုံ အပြင်ဘက်က အတားအဆီးတွေကိုပါ ကားနဲ့ဝင်တိုက်ခဲ့ရာက လူတော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ပြောပါတယ်။

ယာဉ်မောင်းကိုတော့ အကြမ်းဖက်သမားအဖြစ် မသင်္ကာမှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်းလည်း အာဏာပိုင်တွေက ပြောဆိုခဲ့ကြတာပါ။ ဝင်တိုက်ခဲ့တဲ့ ကားထဲမှာတော့ တခြားသူဘယ်သူမှမပါပဲ၊ လက်နက်တစုံတရာ မတွေ့ရကြောင်းနဲ့ ဖမ်းဆီးထားသူဟာ အသက် ၂၀ ကျော်အရွယ်ဖြစ်ကြောင်းလည်း ပြောပါတယ်။

ကားနဲ့တမင်သက်သက် ဝင်တိုက်ခဲ့တာ သေချာသလောက် ရှိနေပေမဲ့ ဘာကြောင့်လုပ်ရသလဲ ဆိုတာတော့ မပြောနိုင်သေးကြောင်းလည်း လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာမင်းကြီး Neil Basu က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ဖမ်းဆီးထားသူဟာ စစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် ဘယ်သူဘယ်ဝါ ဆိုတာကိုရော၊ ဘာကြောင့်လုပ်တယ် ဆိုတာကိုရော မသိရပဲ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ လတ်တလော စုံစမ်းမှုတွေအရ သံသယရှိသူဟာ ဗြိတိသျှ တန်ပြန်အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနဲ့ ထောက်လှမ်းရေး အသိုင်းအဝန်းက သိရှိထားသူတဦး မဟုတ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်သမ္မတ Donald Trump ကလည်း လန်ဒန်မှာ နောက်တကြိမ် အကြမ်းဖက်ဝါဒီ တိုက်ခိုက်မှု ခံခဲ့ရကြောင်း Twitter လူမှုကွန်ယက်ကနေ မှတ်ချက်ပေးလိုက်သလို၊ ဒီလို လူမဆန်တဲ့လူစားတွေကို ခပ်ကြမ်းကြမ်း နှိမ်နင်းဖို့ လိုကြောင်းလည်း ပြောဆိုခဲ့တာပါ။ လန်ဒန်အရေးပေါ်ဌာနကတော့ ဒဏ်ရာရသူ ၂ ယောက်ကို ပြုစုပေးပြီး၊ ဆေးရုံကို ပို့သပေးခဲ့ကြောင်းနဲ့ ဒဏ်ရာရသူတွေဟာ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ အခြေအနေ မရှိကြောင်းလည်း ပြောပါတယ်။ ကားတိုက်မှုဟာ အကြမ်းဖက်ဝါဒီတွေနဲ့ ဆက်နွယ်မှု ရှိ-မရှိ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အခင်းဖြစ်ပွားပြီးနောက် ကားနဲ့တိုက်မိတဲ့နေရာ အနီးတဝိုက် သာမက၊ ပါလီမန်အဆောက်အအုံ အနီးက မြေအောက်ရထား ဘူတာကိုပါ အာဏာပိုင်တွေက ပိတ်ထားလိုက်ပါတယ်။ လွှတ်တော်ကတော့ လတ်တလောမှာ ရပ်နားထားတာပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာတုန်းက လွှတ်တော်အနီးမှာရှိတဲ့ Westminster တံတားပေါ်မှာ အမျိုးသား တယောက်က ကားနဲ့တလကြမ်း ဝင်တိုက်ခဲ့ရာမှာတော့ လူ ၄ ဦး သေဆုံးခဲ့ရပြီး၊ နောက်ဆက်တွဲ လွှတ်တော်ရှေ့မှာ ရဲအရာရှိ တယောက်ကိုလည်း ဓားနဲ့ထိုးသတ်ခဲ့ပါတယ်။ တိုက်ခိုက်သူကိုတော့ ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG