ဗြိတိန်နိုင်ငံမှာ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး နေထိုင်မကောင်းဖြစ်ခဲ့တဲ့ အာရုံကြောထိခိုက်စေတဲ့ အဆိပ်ဓာတ်ဟာ ဒီနှစ်ဆန်းပိုင်းတုန်းက ရုရှားနှစ်ဘက်သူလျှို တယောက်နဲ့ သမီးဖြစ်သူတို့ကို တိုက်ခိုက်ရာမှာ အသုံးပြုခဲ့ဖူးတဲ့ အဆိပ်အမျိုးအစားနဲ့ တူညီကြောင်း ပြည်ထဲရေး ၀န်ကြီးက ပြောဆိုလိုက်ပါတယ်။
ဗြိတိသျှစုံတွဲ အဆိပ်မိခဲ့တဲ့ အမျိုးအစားဟာ ရုရှားထောက်လှမ်းရေးဟောင်း Sergei Skripal နဲ့ သမီးဖြစ်သူ Yulia တို့ တိုက်ခိုက်ခံခဲ့ရတဲ့ အဆိပ်နဲ့တူပေမဲ့၊ တချိန်တည်းမှာ ထုတ်လုပ်ခဲ့တဲ့ အဆိပ်ဟုတ်မဟုတ် လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း ပြည်ထဲရေးဝန်ကြီး Sajid Javid ကပြောဆိုခဲ့တာပါ။
အခုနောက်ဆုံး အဆိပ်မိတဲ့စုံတွဲဟာ အသက် ၄၄ နှစ်အရွယ် Dawn Sturgess နဲ့ အသက် ၄၅ နှစ်အရွယ် Charlie Rowley ဆိုသူတွေ ဖြစ်ကြောင်းလည်း ရင်းနှီးသူတွေက ပြောပါတယ်။ သူတို့ ၂ ဦးကိုတော့ ပြီးခဲ့တဲ့ မတ်လထဲမှာတုန်းက ရုရှားထောက်လှမ်းရေးဟောင်း Sergei Skripal နဲ့ သမီးဖြစ်သူ Yulia တို့ အဆိပ်သင့်ခဲ့တဲ့ Salisbury မြို့ကနေ ၁၃ ကီလိုမီတာ အကွာမှာရှိတဲ့ Amesbury မြို့မှာ စနေနေ့က သတိလစ်နေတာ တွေ့ခဲ့ကြရတာပါ။ အခုနောက်ဆုံး ဖြစ်ရပ်ဟာ အဆိပ်သင့်ခဲ့တဲ့ စုံတွဲကို တိုက်ရိုက်ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုအသစ် မဟုတ်ဘဲ၊ မတ်လထဲက ဖြစ်ရပ်ရဲ့ အကျိုးဆက်သာဖြစ်တယ်လို့ ယူဆကြောင်းလည်း လုံခြုံရေးဝန်ကြီး Ben Wallace က BBC သတင်းဌာနကို ပြောဆိုခဲ့တာပါ။ ရုရှားနဲ့ ပတ်သက်ဆက်နွယ်ဖူးတဲ့ နောက်ကြောင်းမရှိသူ ၂ ဦး မမျှော်လင့်ဘဲ အခုနောက်ဆုံး အဆိပ်သင့်တဲ့ ဖြစ်ရပ်ကြောင့် Salisbury ဒေသက လူထုကြား စိုးရိမ်မှုတွေလည်း ကြီးထွားလာပါတယ်။ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေကတော့ အများပြည်သူ အန္တရာယ်ဖြစ်စေလောက်တဲ့ အခြေအနေ နည်းပါးကြောင်း ပြောဆိုထားကြပါတယ်။ ရုရှားထောက်လှမ်းရေးဟောင်းနဲ့ သမီးတို့ကို တချိန်က ဆိုဗီယက်ယူနီယံလက်ထက် စစ်အေးခေတ်မှာ ထုတ်လုပ်ခဲ့တဲ့ အာရုံကြော ထိခိုက်စေတဲ့ Novichok အဆိပ်နဲ့ တိုက်ခိုက်ခဲ့မှုမှာတော့ ဗြိတိန်က ရုရှားကို အပြစ်ဖို့ထားပါတယ်။ ရုရှားကတော့ တိုက်ခိုက်မှုနဲ့ ပတ်သက်မှု မရှိကြောင်း ငြင်းဆန်ထားပြီး၊ ရုရှားဆန့်ကျင်ရေး သဘောထားတွေ ကြီးထွားလာအောင် ဗြိတိန်က တမင်သက်သက် စွပ်စွဲတာသာ ဖြစ်ကြောင်းလည်း တုန့်ပြန်ခဲ့တာပါ။ အမေရိကန်နဲ့ ဗြိတိန်ရဲ့ ဥရောပမဟာမိတ်တွေကလည်း ဗြိတိန်ဘက်က ရပ်တည်ခဲ့ကြပြီး၊ စစ်အေးခေတ်လွန်ကာလ နောက်ပိုင်း ရုရှားသံတမန်တွေကို အများဆုံး နှင်ထုတ်ခဲ့တဲ့ ဖြစ်ရပ်နဲ့လည်း ကြုံခဲ့ရပါတယ်။