လန်ဒန်အမျိုးသားပြတိုက်မှာ ပြသထားတဲ့ ကမ္ဘာကျော်ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး (Van Gogh) ရဲ့ “Sunflowers - နေကြာပန်းများ" ဆိုတဲ့ ပန်းချီကားကို ခရမ်းချဉ်သီးရည်နဲ့ ပစ်ပေါက်ခဲ့ကြတဲ့ အမျိုးသမီးငယ်နှစ်ဦးကို ပန်းချီကား ပျက်စီးအောင်လုပ်မှုနဲ့ တရားစွဲထားတဲ့အကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ဒီကနေ့ ပြောပါတယ်။
ဒီအမျိုးသမီးငယ်နှစ်ဦးဟာ Just Stop Oil သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားမှုအဖွဲ့က တက်ကြွလှုပ်ရှားသူတွေဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက်ကတည်းက လန်ဒန်မြို့မှာ ဆန္ဒပြနေကြတာပါ။ သူတို့နှစ်ဦး ဆန္ဒပြနေကြတဲ့ပုံတွေနဲ့ သောကြာနေ့ကတော့ ဗန်ဂိုးရဲ့ ပန်းချီကားကို ခရီးချဉ်သီး အရည်တွေနဲ့ ပစ်ပေါက်နေတဲ့ လှုပ်ရှားမှုတွေကို သူတို့အဖွဲ့က ရိုက်ယူထားတဲ့ ဗွီဒီယိုမှာ တွေ့ရပါတယ်။
အခု ပန်းချီကားဟာ မူလပန်းချီကားကနေ ပုံပွားယူခဲ့ပြီး ကမ္ဘာတဝန်း ပြတိုက်တွေမှာ ပြသထားတဲ့ ပန်းချီကား (၅) ချပ်ထဲက တခုဖြစ်ပြီး ဒေါ်လာ ၈၄ သန်းလောက် တန်တယ်လို့ Just Stop Oil အဖွဲ့က ပြောပါတယ်။ အခုလို ခရမ်းချဉ်သီးရည်နဲ့ ပစ်ပေါက်လိုက်တဲ့အတွက် ပန်းချီကားဘောင် အနည်းငယ် ပျက်စီးသွားတာ ရှိပေမဲ့၊ ပန်းချီကားကို ထိခိုက်သွားတာမျိုးတော့ မရှိဘူးလို့ ပြတိုက်က ကြေညာချက် ထုတ်ထားပါတယ်။
ဒါပေမဲ့ ရဲတပ်ဖွဲ့ကတော့ သူတို့ကို ပန်းချီကား ပျက်စီးအောင်လုပ်တာ၊ တားမြစ်ထားတဲ့နေရာအထိ ဝင်ရောက်ခဲ့တာတွေကြောင့် ဖမ်းဆီးပြီး ရာဇဝတ်မှုနဲ့ တရားစွဲဆိုထားတယ်လို့ ပြောပါတယ်။ လောလောဆယ် သူတို့ကို လန်ဒန်မြို့လယ် ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့လည်း ပြောပါတယ်။
ဒီအမျိုးသမီးငယ်နှစ်ဦးကတော့ ကမ္ဘာတဝန်း မိုးခေါင်ရေရှားမှု၊ တောမီးလောင်တာနဲ့ ရေကြီးရေလျှံမှုတွေကြောင့် အစားအစာ မလုံလောက်မှုတွေနဲ့ လူတွေ စားဝတ်နေရေးအတွက် အခက်အခဲ ကြုံနေရတဲ့အချိန်မှာ ကမ္ဘာကြီးကို စောင့်ရှောက်ဖို့ထက် ပန်းချီကားတွေကို စောင့်ရှောက်ဖို့ကိုပဲ အလေးထားနေကြမှာလားလို့ မေးခွန်းထုတ်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
===Unicode =====