သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရ အတွက် စိန်ခေါ်မှုတွေ ကျွမ်းကျင်သူများ ဆွေးနွေး


ဝါရှင်တန် ဒီစီမြို့မှာ မနေ့ကျင်းပပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ နယ်ပယ် အသီးသီးက မြန်မာ့အရေးကျွမ်းကျင်သူ ပညာရှင်တွေ တက်ရောက်။
ဝါရှင်တန် ဒီစီမြို့မှာ မနေ့ကျင်းပပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ နယ်ပယ် အသီးသီးက မြန်မာ့အရေးကျွမ်းကျင်သူ ပညာရှင်တွေ တက်ရောက်။

ရွေးကောက်ပွဲမှာ အမတ်နေရာ အများစု အနိုင်ရထားတဲ့ NLD ပါတီဖွဲ့စည်းတဲ့ အစိုးရသစ် တက်လာရင် မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ တိုင်းရင်းသားအရေး၊ လူ့အခွင့်အရေးနဲ့ လူမှုစီးပွားရေး ပြဿနာတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ကိုင်တွယ်မလဲ၊ နိုင်ငံခြားရေးရာမှာကော ဘယ်လို အပြောင်းအလဲရှိလာနိုင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဝါရှင်တန် ဒီစီမြို့မှာ မနေ့ကျင်းပပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ နယ်ပယ် အသီးသီးက မြန်မာ့အရေးကျွမ်းကျင်သူ ပညာရှင်တွေ တက်ရောက်ပြီး သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို တက်ရောက် သတင်းယူခဲ့တဲ့ ကိုရဲခေါင်က ပြောပြပေးပါမယ်။

ဆွေးနွေးသူများ
ဆွေးနွေးသူများ

အရှေ့အာရှ မူဝါဒရေးရာ လေ့လာရေး စင်တာကနေ ဦးစီးပြီး ဝါရှင်တန် ဒီစီမြို့က Brooking Institution မှာ ကျင်းပပြုလုပ်တဲ့ မြန်မာ့ အရေး ဆွေးနွေးပွဲ မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အကြီးတန်း သံတမန်ဟောင်း Priscilla Clapp၊ မြန်မာ့အရေး လှုပ်ရှားသူ ဦးအောင်ဒင်၊ မြန်မာ့အရေး သုံးသပ်သူ နိုင်ငံ တကာရေးရာ ပညာရှင် Renaud Egreteau နဲ့ စီးပွားရေး ပညာရှင် Lex Rieffel တို့က ဦးဆောင်ပြီး ဆွေးနွေး ခဲ့ကြတာပါ။

တိုင်းရင်းသား အရေးမှာ NLD အစိုးရဟာ ရာနှုန်းပြည့် မအောင်မြင်သေးတဲ့ လက်ရှိ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လုပ်ရမှာဖြစ်ပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ပဲ တွေ့ဆုံ ဆွေးနွေးတဲ့ နည်းလမ်းအပြင်၊ အခြား တိုင်းရင်းသား ပါတီတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေကိုပါဝင် နိုင်အောင် လုပ်လိမ့်မယ်လို့ Priscilla Clapp က သုံးသပ်ခဲ့ပါတယ်။

”လက်ရှိမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အမြောက်အမြားရှိနေသလို၊ အဖွဲ့ငယ်တွေ ထပ်ကွဲထွက်နေတာ တွေ့ရပါတယ်။ သူတို့ရဲ့ နိုင်ငံရေးအရ တရားဝင်ဖြစ်မှုကို တိုင်းရင်းသား ပါတီတွေနဲ့ မြှင့်တင်ရမှာပါ။ တိုင်းရင်းသား ပါတီတွေရဲ့ အရေးပါမှုကို ရွေးကောက်ပွဲမှာ မြင်ခဲ့ရပြီးပါပြီ။ ကျွန်မ အမြင်ကတော့ ငြိမ်းချမ်းရေးရအောင် ဘယ်လိုပုံစံနဲ့ လုပ်မလဲ ဆိုတာထက်၊ ဒီလုပ်ငန်းစဉ်ကို အနှောက်အယှက်ပေးမယ့် ခြိမ်းခြောက်မှုတွေကိုပါ။ အထူးသဖြင့် ဝနဲ့ ကိုးကန့်တို့လို့ အဖွဲ့တွေဟာ တရုတ်ရဲ့ စွက်ဖက်မှုနဲ့ ရှမ်းပြည်နယ်ကနေ ခွဲထုတ်ပြီး၊ သီးခြားပြည်နယ်တောင်းဖို့ ကြိုးပမ်းမှုဟာ NLD ဦးဆောင်မယ့် အစိုးရသစ် အတွက် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရအောင် ညှိနှိုင်းတဲ့နေရာမှာ ကြီးမားတဲ့ အနှောက်အယှက်ဖြစ်စေပါတယ်။”

မြန်မာနိုင်ငံမှာ ဘင်္ဂလီလို့ ခေါ်တဲ့ ရိုဟင်ဂျာတွေရဲ့ ပြဿနာကို NLD အစိုးရက ဘယ်လို ဖြေရှင်းမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဦးအောင်ဒင်ကတော့ တိုင်းရင်းသား အဖြစ် လက်ခံရေးနဲ့ နိုင်ငံသားဖြစ်ခွင့်ပြုရေး နှစ်ပိုင်းရှိတဲ့အနက် NLD အစိုးရဟာ ဒုတိယအချက်ကို လက်ခံကောင်း လက်ခံနိုင်ပေမယ့်၊ နိုင်ငံတကာ က တောင်းဆိုတဲ့ အတိုင်း လုပ်ပေးမယ့် အခြေအနေတော့မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် လာမယ့်နှစ် မတ်လမှာ အသစ်ပြန်လည် စတင်မယ့် လွှတ်တော်မှာ NLD ပါတီနဲ့ စစ်တပ် ကိုယ်စားလှယ်တွေရဲ့ အားပြိုင်မှုဟာ အဓိက အချက် ဖြစ်လာမယ့် အပြင်၊ အဲဒီလို အခြေအနေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ အခန်းကဏ္ဍ ဟာ အရေးပါလာမယ် လို့ Wooddrow Wilson နိုင်ငံတကာ လေ့လာရေး စင်တာက ပညာရှင် Renaud Egreteau က ပြောပါတယ်။

”အမတ်နေရာ အများစု အနိုင်ရနိုင်အောင် မဲပေးခဲ့ကြတဲ့ ပြည်သူတွေမှာ ကြီးမားတဲ့ မျှော်လင့်ချက်တွေ ရှိနေမှာဖြစ်တဲ့အတွက် အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရသစ်နဲ့ လွှတ်တော်မှာ များပြားလှတဲ့ လုပ်ဆောင်စရာတွေ ရှိနေမှာပါ။ NLD အနေနဲ့ ရှိနေတဲ့ အထဲက ဖိနှိပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်ပြီး၊ လွတ်လပ်မှုကို မြှင့်တင်ပေးတဲ့ ဥပဒေတွေနဲ့ အစားထိုးတာကို စလုပ်ပါလိမ့်မယ်။ အချို့သော ကြိုးပမ်းချက်တွေဟာ စစ်တပ် ကိုယ်စားလှယ်တွေက သူတို့ရဲ့ ကာကွယ်ရေး လုပ်ဆောင်ချက်တွေကို ထိခိုက်နိုင်တယ် ဆိုပြီး၊ ပြင်းပြင်းထန်ထန် ကန့်ကွက်တာ ကြုံရလိမ့်မယ်။ အဲဒီလို အခြေအနေမှာ အဆုံးအဖြတ်ပေးမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ အခန်းကဏ္ဍက အရေးပါလာမှာဖြစ်ပါတယ်။”

ဒါ့အပြင် NLD ဦးဆောင်တဲ့ အစိုးရသစ် တာဝန်ယူလိုက်ပြီးတဲ့နောက် ၂၀၂၀ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေ ဘယ်လို ပြောင်းလဲ သွားနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ စီးပွားရေး ပညာရှင် Lex Rieffel က အခုလိုသုံးသပ် ပြောပြပါတယ်။

”NLD ပါတီအနေနဲ့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး အရ စေ့စပ် ညှိနှိုင်းမှု တွေ အောင်မြင်ပြီး ရွေးကောက်ပွဲ မဲဆွယ်စဉ်က ကတိတွေအတိုင်း လုပ်ပေးနိုင်ခဲ့တယ် ဆိုပါစို့။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အစိုးရထိန်းချုပ်မှု မကင်းတဲ့ ရောယှက်ထားတဲ့ ပုံစံနဲ့ပဲ ဆက်ရှိနေပါမယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကနေ ငွေကြေးတွေ အမြောက်အများ ဝင်လာမယ်။ မိုဘိုင်းဖုန်း သုံးစွဲမှုတိုးလာမယ်။ ဒါပေမယ့် လျှပ်စစ်ဓါတ်အား တိုးပြီးသုံးနိုင်ဖို့ အခက်အခဲဖြစ် လာမယ်။ အငြင်းပွားမှုတွေကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်မယ့် တရားစီရင်ရေးစနစ်လို institution တွေ ဆက်ပြီး လိုနေဆဲ ဖြစ်လိမ့်မယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံလို အခြေအနေမျိုးထက် ဘင်္ဂလားဒေ့ရှ်လို ရုန်းကန်နေရဆဲ အခြေအနေမျိုးမှာပဲ ရှိနေလိမ့်မယ်။”

ဒါ့အပြင် NLD ပါတီအနေနဲ့ လွှတ်တော်မှာ အရေးတကြီး ဆွေးနွေးငြင်းခုန် ရမှာ ကတော့ ဝန်ကြီးဌာနတွေအတွက် ဘတ်ဂျက်သတ်မှတ်တဲ့ ကိစ္စ၊ ရှိပြီးသား နိုင်ငံသား ဥပဒေနဲ့ အသစ်ပြဋ္ဌာန်းလိုက်တဲ့ အမျိုးစောင့်ဥပဒေလို အငြင်းပွားဖွယ် ဥပဒေတွေကို ဘယ်လို ကိုင်တွယ်ဆုံးဖြတ်မလဲ ဆိုတာ ဖြစ်ပါတယ်။

ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်တွေ အကြား အာဏာ ခွဲဝေမှု ကိစ္စကလဲ NLD အနေနဲ့ ဆုံးဖြတ်ရမယ့် ကိစ္စတစ်ခုဖြစ်တယ် လို့ ပညာရှင်တွေက သုံးသပ် ပြောဆိုခဲ့ကြပါတယ်။

XS
SM
MD
LG