သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Brussels အကြမ်းဖက်တိုက်ခိုက်မှု နိုင်ငံတကာတုံ့ပြန်


ဘယ်လ်ဂျီယံနိုင်ငံ ဘရတ်ဆဲလ်မြို့မှာ အင်္ဂါနေ့က ဗုံး ၃ လုံး ပေါက်ကွဲခဲ့တဲ့အတွက် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ရပြီး၊ အများအပြား ဒဏ်ရာရရှိခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး သံသယရှိသူတစ်ဦးကို ရဲတွေက ဖမ်းဝရမ်းထုတ်ပြန်လိုက်ပါတယ်။ IS အစွန်းရောက် စစ်သွေးကြွတွေက သူ့တို့ လက်ချက်ဖြစ်တယ်လို့ ပြောဆိုထားတဲ့ ဒီတိုက်ခိုက်မှုကို ဘယ်လ်ဂျီယံနဲ့အတူ နိုင်ငံတကာခေါင်းဆောင်တွေကလည်း ဝိုင်းဝန်းရှုတ်ချခဲ့ကြတာပါ။ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီးပြီးချင်း လုံခြုံရေးသတိပေးချက် အမြင့်ဆုံး ထုတ်ပြန်ထားတဲ့ ဘရတ်ဆဲလ် မြို့ရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ မနန္ဒာချမ်း က ဆက်ပြောပြပါမယ်ရှင်။

ဘရတ်ဆဲလ်မြို့က နိုင်ငံတကာလေဆိပ်ဖြစ်တဲ့ Zaventem လေဆိပ်မှာ ဗုံး ၂ လုံး ပေါက်ကွဲခဲ့ချိန် မရှေးမနှောင်းမှာပဲ ဘရတ်ဆဲလ်မြို့လယ်မှာရှိတဲ့ Maalbeek မြေအောက်ဘူတာရုံမှာလည်း ဗုံး ၁ လုံး ထပ်မံ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ အင်္ဂါနေ့ တရက်တည်းမှာတင် ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှု ၃ ခုအတွင်း လူ ၃၀ ထက်မနည်း သေဆုံးပြီး၊ ၁၃၀ ကျော် ဒဏ်ရာတွေ ရရှိခဲ့တဲ့ ဒီဗုံးခွဲတိုက်ခိုက်မှုဟာ သူတို့ လက်ချက်ဖြစ်တဲ့အကြောင်း IS အဖွဲ့က ပြောဆိုထားပါတယ်။ လေဆိပ်က ဗုံးခွဲမှုမှာတော့ သံသယရှိသူ ၁ ဦးကို ဘယ်လ်ဂျီယံရဲတွေက ဖမ်းဝရမ်းထုတ်ပြန်ထားပြီး၊ အခုအခါ လိုက်လံ ရှာဖွေနေကြ ပါတယ်။ ဒါ့အပြင် မသင်္ကာသူ အမျိုးသား ၃ ယောက်ရဲ့ ဓာတ်ပုံတွေကိုလည်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ အခု တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် Charles Michel က - ဘယ်လ်ဂျီယံပြည်သူတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ညီညွတ်မှုကို ပြကြဖို့ အခုလို တိုက်တွန်းသွားခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပြီး၊ ဒါကိုလည်း ညီညီညွတ်ညွတ်နဲ့ သွေးစည်းညီညွတ်မှုကို ပြသရင်း၊ စည်းစည်းလုံးလုံး ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။”

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားကတော့ - ကျူးဘားနိုင်ငံမှာ ရောက်နေစဉ် ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။

“တာဝန်ရှိတဲ့သူတွေကို တရားဥပဒေရှေ့မှောက် အရောက်ပို့နိုင်အောင် ကျနော်တို့မိတ်ဆွေ ဘယ်လ်ဂျီယံနိုင်ငံအတွက် တတ်နိုင်သမျှ ဆောင်ရွက်သွားမှာပါ။ အပြစ်မဲ့လူထုအပေါ် ရက်ရက်စက်စက် တိုက်ခိုက်ခံရတဲ့ ဘယ်လ်ဂျီယံနိုင်ငံနဲ့လည်း တသားတည်း ရပ်တည်သွားမှာပါ။”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း - ဘယ်လ်ဂျီယံလူထုတရပ်လုံးနဲ့ ဥရောပရဲ့ အချက်အခြာကို တိုက်ခိုက်မှုဖြစ်ပြီး၊ ဒီတိုက်ခိုက်ခံ ရမှုမှာ ထိခိုက်သေဆုံးရသူ တွေ၊ ပျောက်ဆုံးနေသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအားလုံးနဲ့အတူ ထပ်တူထပ်မျှ ခံစားရပါတယ်လို့ ပြောဆိုခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ အလားတူ ဥရောပသမဂ္ဂ အပါအဝင် ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန် တို့ကလည်း ဒီတိုက်ခိုက်မှုကို ဝိုင်းဝန်းရှုတ်ချခဲ့ကြပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီးပြီးချင်းမှာပဲ ဘယ်လ်ဂျီယံနိုင်ငံမှာ အကြမ်းဖက်မှုအန္တရယ်နဲ့ ပတ်သက်ပြီး နံပါတ်လေးအဆင့်ရှိတဲ့ အမြင့်ဆုံးသတိပေးချက်ကိုလည်း ထုတ်ပြန်ခဲ့တာပါ။ လေယာဉ်အဝင်အထွက် ခရီးစဉ်တွေအားလုံးလည်း ဖျက်သိမ်းလိုက်ပြီး၊ ဘရတ်ဆဲလ်မြေအောက်ဘူတာစနစ်ကိုလည်း ပိတ်ပစ်ခဲ့တာပါ။ ဒေသခံသတင်းမီဒီယာတွေမှာတော့ - ဒဏ်ရာရထားသူတွေ ထိတ်ထိတ်လန့်လန့်နဲ့ ဘူတာရုံထဲကနေ လမ်းမတွေပေါ် သွေးရူးသွေးတန်း ထွက်ပြေးခဲ့ကြ တယ်လို့ ဖော်ပြကြပါတယ်။ လေဆိပ်က ဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက -

“ကျနော်တို့က ဓာတ်လှေကားထဲမှာ… ရထားစီးဖို့ ဆင်းလာကြတာ။ ပေါက်ကွဲမှုတခု စပြီး ကြားရတယ်။ အဲဒါက ပထမ ၁ လုံး၊ နောက် ကျနော်တို့ ဓာတ်လှေကားထဲက ထွက်လာတော့ - အဲဒီအချိန် ဒုတိယ ၁ လုံး ထပ်ကွဲပြန်တယ်။ ပြီးတော့ တံခါးတွေ လေထဲလွင့်သွားတာ၊ မှန်တွေ ကွဲတာ၊ မျက်နှာကျက်အမိုးတွေ ပြုတ်ကျတာ…. လူတွေ အလန့်တကြား ထွက်ပြေးကြတာတွေ တွေ့ရပါတယ်။”

ဒါ့အပြင် မပေါက်ကွဲသေးတဲ့ တတိယဗုံး ၁ လုံးကိုလည်း တာဝန်ရှိသူတွေက အချိန်မီ တွေ့ရှိခဲ့တယ်လို့လည်း ဒေသခံ သတင်းမီဒီယာမှာ ဖော်ပြခဲ့ကြတာပါ။ ဘရတ်ဆဲလ်မြို့မှာနေထိုင်တဲ့ မြန်မာနွယ်ဖွား ကိုစိုင်းကတော့ - ဗုံးကွဲမှုဖြစ်တဲ့အချိန် သူ့အတွေ့အကြုံကို အခုလို ပြောပြခဲ့ပါတယ်။

“၄ နာရီအထိကို အားလုံးပဲ ပိတ်ထားတယ်။ ကျနော်တို့လည်း ရုံးကနေ အပြင်ကို ထွက်ခွင့်မရှိဘူး။ အားလုံး ဒီလိုမျိုးဖြစ်ပြီဆိုရင် အကုန်လုံး အထဲထဲမှာပဲ နေကြ၊ အပြင်မထွက်ကြနဲ့၊ အားလုံးပြီးသွားဆိုရင် ကျနော်တို့အလုပ်က အားလုံး စီစဉ်ပေးပါတယ်။ ပုံမှန်ပြောမယ်ဆိုရင် ဒီနေ့ညနေ ပြန်လာတဲ့ လမ်းကျတော့ ပုံမှန်ပြန်လာတဲ့ လမ်းမဟုတ်ဘူးလေ။ ပုံမှန်ပြန်လာတဲ့လမ်းက တကယ်ပြောမယ်ဆိုရင် လမ်းတွေ ပတ်ပတ်လည် ပိတ်ထားတော့ ကျနော်တခြားလမ်းကနေပြီးတော့ ကွေ့ပတ်ပြီးတော့မှ လာရတယ်လေ။ အဲ့အခါကျတော့ လမ်းတွေက ပိတ်ကြပ်ပြီးတော့မှ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်တယ်။ ဒါပေမဲ့ လူတွေအကုန်လုံးကလည်း ၁ ယောက်နဲ့ ၁ ယောက် အကူအညီပေးပြီးတော့မှ ကားတစီးဆိုရင်လည်း ၄-၅ ယောက်ပေါ့ စီးပြီးတော့မှ ပြန်ကြတာပဲ။ ဘတ်စ်တွေ ဘာတွေလည်း အကုန်လုံး မမောင်းကြတော့ဘူးလေ။ အကုန်လုံးက ကြည့်မယ်ဆိုရင် ကြောက်တဲ့စိတ်ထက် ဝမ်းနည်းတဲ့ ပုံစံမျိုးတွေပေါ့။ အမှန်အတိုင်းပြောရရင်တော့ ကျနော် ကြောက်တော့ မကြောက်ဘူး။ ဒါပေမဲ့ စိတ်ဆိုးတာပဲရှိတယ်။ ကျနော်တို့ ဘယ်သူ့ကိုမှလည်း ရန်မပြုဘူးလေ။ အဓိက အပြစ်မရှိတဲ့သူတွေ အလကားနေရင်းနဲ့ သေသေနေတယ်။ တိုက်ခိုက်ခံနေရတယ်။ အဲဒါတွေ ကြည့်ပြီးတော့မှ အရမ်း စိတ်မကောင်းဖြစ်တယ်။ စိတ်လည်းစိုးတယ်။”

မေး - ဆိုတော့ မနက်ဖြန်ဆိုရင်ကော ဒါ အလုပ်က ပုံမှန်ပဲ လည်ပတ်မှာပဲလား။

ဖြေ - “အခုထိ ကျနော်တို့ ဘာမှ သတင်းမရသေးဘူး။”

ဘရတ်ဆဲလ်မြို့ ဗုံးကွဲပြီးနောက် - ဂျာမနီနိုင်ငံ Frankfurt, ဗြိတိန်နိုင်ငံ London, ပြင်သစ်နိုင်ငံ Paris နဲ့ နယ်သာလန် နိုင်ငံတကာလေဆိပ်တွေမှာလည်း လုံခြုံရေးကို တိုးမြှင့်လိုက်ပြီး၊ အမေရိကန်ပြည်ထောင်စု နယူးယောက်နဲ့ ဝါရှင်တန်ဒီစီ မြို့ကြီးတွေမှာ လည်း လုံခြုံရေးကို တိုးမြှင့်ထားပြီး၊ မြေအောက်ဘူတာရုံတွေမှာ အနံ့ခံခွေးတွေနဲ့ ရဲအစောင့်အကြပ်တွေ တိုးချပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ အစွန်းရောက်အုပ်စုတွေနဲ့ ပေါင်းဖို့ ပြီးခဲ့တဲ့နှစ်ထဲ ဆီးရီးယားနဲ့ အီရတ်ကို သွားရောက်ခဲ့ကြတာ ဘယ်လ်ဂျီယံမှာနေထိုင်တဲ့ မူဆလင်လူငယ် ၅၀၀ နီးပါး ရှိမယ်လို့ အာဏာပိုင်က ခန့်မှန်းထားပါတယ်။ အင်္ဂါနေ့က တိုက်ခိုက်မှုကတော့ - ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ လူပေါင်း ၁၃၀ သေဆုံးပြီး၊ ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ အဓိက မသင်္ကာရသူ ဆာလာ အပ်ဒဲ ဆာလန်း ကို ဘရတ်ဆဲလ်မြို့တော်မှာ ဖမ်းဆီးမိခဲ့ပြီး ရက်ပိုင်းအတွင်းဖြစ်တဲ့ အင်္ဂါနေ့မှာပဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG