သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်တိုက်ခိုက်သူတွေကို Belgium ရဲ အပူတပြင်းရှာဖွေ


Belgium နိုင်ငံ Brussels လေဆိပ်နဲ့ မြေအောက်ရထားတို့မှာ အင်္ဂါနေ့က လူပေါင်း အနဲဆုံး ၃၀ သေဆုံးခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု ၃ ခုနဲ့ ပတ်သက်လို့ မသင်္ကာရသူအဖြစ် အလိုရှိနေသူရဲ့ ဓာတ်ပုံကို Belgium ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

လေဆိပ်အတွင်းက လုံခြုံရေး CT ကင်မရာကတဆင့် အနီးကပ်ရိုက်ယူထားတဲ့ ဓာတ်ပုံထဲမှာ ဦးထုပ်အမဲနဲ့ ဂျက်ကက်အရောင် ဖျော့ဖျော့ကို ဝတ်ဆင်ထားပြီး နေကာမျက်မှန်တပ်ထားတဲ့ အမျိုးသားတဦးဟာ တခြား အမျိုးသား ၂ ဦးနဲ့အတူ လေဆိပ်က ခရီးဆောင်အိတ်တွေသယ်တဲ့ တွန်းလှဲကို အတူ တန်းစီပြီး တွန်းလာကြတဲ့ ဓာတ်ပုံကို ဖော်ပြထားပါတယ်။ အဲဒီ တခြား အမျိုးသား ၂ ဦးဟာ အသေခံဗုံးဖောက်ခွဲသူတွေ ဖြစ်တယ်လို့ ယူဆရပါတယ်။ အလိုရှိတဲ့ ဓာတ်ပုံပါ အမျိုးသားဟာ လေဆိပ်ကနေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီ မသင်္ကာသူကို Brussels မြို့က အိမ်တအိမ်မှာ ရဲက လိုက်လံ ရှာဖွေနေစဉ် ဗုံး၊ ဓာတုပစ္စည်းတွေနဲ့ IS အစ္စလာမ်စစ်သွေးကြွအဖွဲ့ရဲ့ အလံ စတာတွေကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

မပေါက်ကွဲသေးတဲ့ တတိယဗုံးတလုံးနဲ့ အနဲဆုံး Kalashnikov မောင်းပြန်သေနတ်တလက်ကို လည်း လေဆိပ်ထဲမှာ တွေ့ခဲ့တယ်လို့ ရဲက ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုကို သူတို့ တာဝန်ယူ ပြုလုပ်ခဲ့တဲ့အကြောင်း IS အစ္စလမ်မစ် စစ်သွေးကြွအဖွဲ့က ပြောပါတယ်။ လေဆိပ်မှာ ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီးနောက် ၁ နာရီခန့်အကြာမှာ ဘရတ်ဆဲလ်မြို့လယ်ရှိ ဥရောပသမဂ္ဂဌာနချုပ်အနီး Maalbeek မြေအောက်ရထားဘူတာရုံမှာ အသေခံ ဗုံးဖောက်ခွဲသမားက သူ့ကိုယ်သူ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၂၀၀ ကျော် ထိခိုက်ဒဏ်ရာခဲ့ပြီး Belgium အာဏာပိုင်တွေက လုံခြုံရေးအဆင့်ကို အမြင့်ဆုံးအထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

XS
SM
MD
LG