သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Brussels တိုက်ခိုက်မှုနဲ့ ဆက်နွယ်သူ နောက်တဦးအပေါ် ဖမ်းဝရမ်းထုတ်


Brussels လေဆိပ်နဲ့ ဘူတာရုံကို အင်္ဂါနေ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သံသယရှိသူ နောက်ထပ် တယောက်အတွက် ဘယ်လ်ဂျီယံ အစိုးရရှေ့နေတွေက ဖမ်းဝရမ်း ထုတ်ပြန်လိုက်ပါတယ်။

အစိုးရရှေ့နေရုံးက စနေနေ့မှာ ကျေညာချက်ထုတ်ပြန်ပြီး လူတယောက်အတွက် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ကြောင်း Faycal C လို့ ခေါ်တဲ့သူ လို့ပဲ ပြောဆိုပြီး သူဟာ အကြမ်းဖက် သတ်ဖြတ်မှုနဲ့ အကြမ်းဖက် သတ်ဖြတ်မှု ကျူးလွန်ဖို့ ကြိုးစားတဲ့ အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်နေသူလို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ Faycal C ဟာ Brussels လေဆိပ် အသေခံဗုံးခွဲတဲ့ တတိယမြောက်လူ ဟုတ် မဟုတ် ကြေညာချက်က အတည်ပြုပြောတာမျိုး မရှိပါဘူး။ လေဆိပ် လုံခြုံရေး ကင်မရာက ရိုက်ယူတဲ့ ဗွီဒီယိုထဲမှာ အသေခံဗုံး ဖောက်ခွဲပြီး သေဆုံးခဲ့သူ ၂ ဦးရဲ့ ဘေးမှာ တတိယမြောက်လူတဦး ရှိနေတာ ဖြစ်ပါတယ်။

Faycal Cheffou လို့ခေါ်တဲ့ အမျိုးသားတဦးဟာ Brussels လေဆိပ်ကနေ ထွက်ပြေးမှုအတွက် သံသယရှိခံနေရသူလို့ ဘယ်လ်ဂျီယံ သတင်းတွေမှာ ဖော်ပြကြပါတယ်။

သောကြာနေ့တုန်းက ဘယ်လ်ဂျီယံ အစိုးရရှေ့နေတွေက Brussels စီးနင်းမှုတခုမှုာ လူ ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ နောက်ထပ်တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ပြင်သစ်နိုင်ငံသား တဦးကို ပြင်သစ်ရဲတွေ ကြာသပတေးနေ့မှာ ဖမ်းဆီးလိုက်ပြီး မကြာခင်မှာပဲ ဒီစီးနင်းမှုကို လုပ်ဆောင်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

သောကြာနေ့မှာ Brussels မြို့တော်က နေရာ ၃ နေရာဖြစ်တဲ့ Schaerbeek, Forest နဲ့ Saint-Gilles အရပ်တွေမှာ ဖမ်းဆီးမှုတွေ လုပ်ခဲ့တာဖြစ်ကြောင်း ဘယ်လ်ဂျီယံ အစိုးရရှေ့နေရုံးက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ သံသယဖြစ်ခံသူ ၃ ဦးထဲက ၂ ဦးဟာ ခြေထောက်မှာ ဒဏ်ရာတွေ ရထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အင်္ဂါနေ့က Brussels လေဆိပ်မှာ သူ့ကိုယ်သူ အသေခံဗုံးခွဲ ခဲ့သူတဦးဖြစ်တဲ့ Naijm Laachraoui ကို စုံစမ်းစစ်ဆေးသူတွေက DNA နဲ့ တိုက်ပြီး စစ်ဆေးဖော်ထုတ်နိုင်ခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Laachraoui ဟာ နိုဝင်ဘာလ ၁၃ ရက်က လူပေါင်း ၁၃၀ သေဆုံးခဲ့ရတဲ့ ပါရီမြို့တိုက်ခိုက်မှုနဲ့လည်း ဆက်နွယ်မှု ရှိနေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ DNA ကို အသေခံဗုံးခွဲအင်္ကျီမှာ တွေ့ရသလို သူ့အဝတ် အပိုင်းအစတခုကိုလည်း လူပေါင်း ၉၀ သေဆုံးခဲ့ရတဲ့ Bataclan ပြဇာတ်ခန်းမ မှာတွေ့ ခဲ့ရတယ်လို့ ပြောပါတယ်။

XS
SM
MD
LG