သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓဂါယာတိုက်ခိုက်မှု အိန္ဒိယအစိုးရအပြင်းအထန်ရှုတ်ချ


ဗုဒ္ဓဂါယာမှာ စောင့်ကြပ်နေတဲ့ အိန္ဒိယလုံခြုံရေးဝန်ထမ်းတဦး။ (ဇူလိုင်လ ၇ ရက်၊ ၂၀၁၃)။
ဗုဒ္ဓဂါယာမှာ စောင့်ကြပ်နေတဲ့ အိန္ဒိယလုံခြုံရေးဝန်ထမ်းတဦး။ (ဇူလိုင်လ ၇ ရက်၊ ၂၀၁၃)။
အိန္ဒိယနိုင်ငံအရှေ့ဘက် ဘီဟာပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ် ထားရာ ဗုဒ္ဓဂါယာမှာ တနင်္ဂနွေနေ့က ဗုံးတွေဆက်တိုက် ပေါက်ကွဲခဲ့တဲ့ အတွက် မြန်မာနိုင်ငံသား ရဟန်းတော် တပါး အပါအဝင် ဘုရားဖူး ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ဖြစ်တဲ့ UNESCO က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တခုအဖြစ် သတ်မှတ်ထားတဲ့ နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ နောက်ထပ် တိဘက် သံဃာတော်ကတော့ ဒဏ်ရာ ပြင်းထန်ပုံ ရတယ်လို့လည်း မျက်မြင်တွေ့ခဲ့တဲ့ ဘုရားဖူးသံဃာတော် တပါးက မိန့်ပါတယ်။

“ကျောင်းဝင်းထဲမှာ ဗုံးပေါက်ကွဲတော့ အထိတ်တလန့် ဖြစ်ကုန်ကြပါ တယ်။ မြန်မာဘုန်းကြီး တပါး ဒဏ်ရာရပါတယ်။ နောက်ပြီး တိဘက် ဘုန်းတော်ကြီး တပါးလည်း ဒဏ်ရာတော်တော် ပြင်းပြင်းထန်ထန် ရပြီး သွေးတွေလည်း အများကြီးထွက်တာ တွေ့ပါတယ်။”

ပထမဆုံးဗုံး ၄ လုံးဟာ မဟာဗောဓိဘုရားကျောင်းဝင်းထဲမှာ ပေါက်ကွဲ ခဲ့တာဖြစ်ပြီး၊ နောက်ဆက်တွဲ အနီးအနားက ဘုန်းတော်ကြီးကျောင်းဝင်း တခုထဲမှာလည်း ၃ လုံးပေါက်ကွဲခဲ့သလို၊ ဉာဏ်တော်အမြင့်ပေ ၈၀ ရှိတဲ့ မဟာဗောဓိစေတီတော်အနီးနားမှာလည်း နောက်ထပ် ၁ လုံးထပ်ပြီးပေါက်ကွဲ ခဲ့တာ ဖြစ်တဲ့အကြောင်း အိန္ဒိယ အာဏာပိုင်တွေ ကပြောပါတယ်။ ထိခိုက်ဒဏ်ရာတွေ ရသွားတဲ့ သံဃာတော်တွေကတော့ မဟာဗောဓိ စေတီတော် အနီးအနားက ပေါက်ကွဲမှုကြောင့် ဖြစ်တယ်လို့လည်း မျက်မြင်တွေ့ခဲ့သူ သံဃာတော်က မိန့်ပါတယ်။

“ဘုန်းကြီးတပါးရဲ့ ဒဏ်ရာက တော်တော်ပြင်းပါတယ်။ ဘွဲ့ကိုတော့ မသိပါဘူး။ မဟာဗောဓိပင်တံတား နောက်ဘက်မှာ အသံအကျယ်ကြီး ပေါက်ကွဲခဲ့တာပါ။ ကျနော်တို့ ကြားသလောက်ဆိုရင် ကျောင်းဝင်းထဲမှာတင် ၄ လုံး ပေါက်ခဲ့ ပါတယ်။”

တိုက်ခိုက်ခံခဲ့ရတဲ့ နေရာဟာဆိုရင်တော့ ဂေါတမ မြတ်စွာဘုရား သဗ္ဗေညုတ ရွှေဉာဏ်တော်ရရှိခဲ့တဲ့ မဟောဗောဓိ ညောင်ပင်ရှိရာ နေရာအဖြစ်၊ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့နေရာဖြစ် ပါတယ်။ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံသားတွေ အပါအဝင် ဘုရားဖူးသူတွေ ထောင်သောင်းချီပြီး လာရောက် လည်ပတ်လေ့ရှိကြပါတယ်။ ဒီလိုဘာသာရေးအရ အထွဋ်အမြတ်ထားတဲ့နေရာတွေကို အခုလို ပစ်မှတ်ထားပြီး ဗုံးခွဲတိုက်ခိုက်တဲ့အပေါ် အိန္ဒိယဝန်ကြီးချုပ် မန်းမိုဟန်ဆင်းကတော့ အပြင်းအထန် ရှုတ်ချလိုက်ပြီး တိုက်ခိုက်မှုကိုလည်း သည်းခံမှာ မဟုတ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပက်သက်ပြီး ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဖြစ်တယ်ဆိုတာတော့ ချက်ချင်းမသိရသေးပါဘူး။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုဟာ မကြာသေးခင်က အိမ်နီးချင်းမြန်မာနိုင်ငံ အတွင်း ဗုဒ္ဓဘာသာ နဲ့ မူဆလင်တွေအကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့၊ စစ်သွေးကြွတွေက ပြန်ပြီး တိုက်ခိုက်တာဖြစ်တယ်လို့ အိန္ဒိယရဲဌာန နဲ့၊ အတိုက်အခံပါတီခေါင်းဆောင် တချို့က စွပ်စွဲနေကြပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Salman Khurshid ကတော့ ဒီဗုံးတွေကို ဘယ်သူတွေဖောက်ခွဲတယ် ဆိုတာကို တိကျတဲ့ သတင်းအချက်အလက်တွေ မရမချင်း တစုံတရာ မှတ်ချက်မပေးနိုင်သေးတဲ့အကြောင်း၊ အများပြည်သူ ငြိမ်းငြိမ်းချမ်းချမ်း ဆုတောင်းမေတ္တာပို့သတဲ့ ဘာသာရေးနယ်မြေမှာ အခုလို သူရဲဘောကြောင်တဲ့ လုပ်ရပ်မျိုးကို လုပ်ခဲ့တဲ့အတွက်ကြောင့် ဒီဖြစ်ရပ်အတွက် အတော်လေးကို ဝမ်းနည်းမိကြောင်း အိန္ဒိယနိုင်ငံအနောက်မြောက်ဘက် Rajastahn ပြည်နယ်၊ Jaipur မြို့တော်မှာပြောဆိုသွားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး သတင်းအချက်အလက်တွေ ပိုပြီးရလာတဲ့အခါ ဒီကိစ္စနဲ့ ပက်သက်ပြီး ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။ အိန္ဒိယ အမျိုးသားထောက်လှမ်းရေး အေဂျင်စီ (NIA) ကလည်း ဒီပေါက်ကွဲမှုတွေနဲ့ ပက်သက်ပြီး စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ် လို့ပြောပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေ နောက်ပိုင်းမှာတော့ ဗုဒ္ဓဂါယာ အနီးတဝိုက်မှာ လုံခြုံရေးတွေကို တိုးမြှင့်ချထားလိုက်ပြီး အာဏာပိုင်တွေက သတိပေး နှိုးဆော်ချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။ သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း ခရီးသွားတွေရဲ့ ခန္ဓာကိုယ်ပေါ်နဲ့ သူတို့နဲ့အတူပါလာတဲ့ ခရီးဆောင်အိပ်တွေကို ရဲတွေက ပိုက်စိပ်တိုက်ပြီး ရှာဖွေနေကြပါတယ်။ ဗုဒ္ဓဂါယာမှာ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အနီးအနား ပြည်နယ်တွေမှာလည်း လုံခြုံရေးအတွက် သတိထားကြဖို့နဲ့ မသင်္ကာသူတွေကို ရှာဖွေစစ်ဆေးဖို့လည်း အာဏာပိုင်တွေက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားလိုက်ကြပါတယ်။
XS
SM
MD
LG