သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမိသားစုတွေ လုံခြုံရေး Buffalo ရဲတပ်ဖွဲ့ တေ့ွဆုံအကြံပေး


ဘတ်ဖဲလို ရဲတပ်ဖွဲ့ အကြီးအကဲ Daniel Derenda- (ဓာတ်ပုံ- wgrz.com)
ဘတ်ဖဲလို ရဲတပ်ဖွဲ့ အကြီးအကဲ Daniel Derenda- (ဓာတ်ပုံ- wgrz.com)

အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်အနောက်မြောက်ပိုင်း ဘတ်ဖယ်လိုမြို့က မြန်မာအများစုနေထိုင်ရာရပ်ကွက်တွေမှာ ဖောက်ထွင်း ခိုးယူမှုတွေ များနေတာကြောင့် လုံခြုံရေးကို တိုးမြှင့်ချထားသွားမယ့်အကြောင်း ရဲတပ်ဖွဲ့နဲ့ မြန်မာမိသားစုတွေ တွေ့ဆုံစဉ်မှာ ဘတ်ဖဲလိုရဲမှူးကြီးက ပြောကြားခဲ့ပါတယ်။ မြန်မာတိုင်းရင်းသားတွေ နေထိုင်ရာရပ်ကွက်တွေမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး လုယက် တိုက်ခိုက်မှုတွေ အများအပြား ဖြစ်ပွားခဲ့တဲ့အတွက် ခုလို ရဲတပ်ဖွဲ့နဲ့ မြန်မာလူမှုအသိုင်းအဝိုင်းတွေ တွေ့ဆုံဆွေးနွေးရတဲ့အထိ ဖြစ်ခဲ့တာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြပေးထားပါတယ်။

ဒုက္ခသည်အဖြစ် အခြေချနေထိုင်ခွင့်ရတဲ့ ကရင်တိုင်းရင်းသားအများစုနေထိုင်ရာ ဘတ်ဖယ်လိုမြို့က ရပ်ကွက်တွေမှာ လွန်ခဲ့တဲ့သုံးလေးလ လောက်ကစပြီး နေအိမ် (၄ဝ) ကျော် ဖောက်ထွင်းခိုးယူခံရမှုအပါအဝင် ဓါးပြတိုက်ခံရတာ၊ လမ်းပေါ်မှာ လုယက်တိုက်ခိုက်ခံရတာ စတဲ့ ရာဇဝတ်မှု အတော်များများ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဘတ်ဖယ်လိုရဲတပ်ဖွဲ့နဲ့ မြန်မာတိုင်းရင်းသားတွေရဲ့ဆွေးနွေးပညာပေးမှုကို ဧပြီလ (၂) ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

မှုခင်းဖြစ်တဲ့နေရာတွေမှာ ရဲတွေဘက်ကလုံခြုံရေးတိုးမြှင့်ချထားပေးရေးအပါအဝင်မှုခင်းကာကွယ်ရေးပညာပေးမှုစတာတွေကို ဆွေးနွေးခဲ့ကြောင်း ကရင် လူမှုအဖွဲ့အစည်းတာဝန်ခံဖြစ်တဲ့ ကိုဒဲနီရယ်လ်က ဗွီအိုအေကို ပြောပါတယ်။

“သူတို့က လုပ်ပေးမှာက ခိုးမှုဖြစ်တဲ့နေရာတွေအများအားဖြင့်က ကျနော်တို့ ဘတ်ဖလို West Site မှာ ဖြစ်တာများတယ်။ ဘာဖြစ်လို့လဲဆို ဒုက္ခသည်တွေက အဲဒီမှာ ချထားပေးတာ များတယ်ဆိုတော့ သူတို့တွေ အဲဒီမှာ ပုလိပ် ထပ်များလာအောင် ကြိုးစားလုပ်ပေးမယ်။ ပြီးတော့လည်း … လိုင်းပေါ့နော်၊ ဖုန်းကနေ ဖြစ်ဖြစ် လုပ်ပေးဖို့တော့ ပြောထားတယ်။ ရဲတွေ ခေါ်ရမယ်။ ရဲတွေခေါ်ရင် ဘယ်လိုမျိုး လုပ်ရမလဲ၊ ပြီးတော့လည်း ဓမြ တိုက်တာက ဘယ်လိုလဲ၊ ခိုးမှုက ဘယ်လိုလဲ၊ ပြီးတော့ အိမ်တွေမှာ လုံခြုံအောင် ဘယ်လို လုပ်ပေးရမလဲ၊ အရမ်းပညာပေးတာ များပါတယ်။ များလာတယ်။”

အခြေချနေထိုင်နေတဲ့ တိုင်းရင်းသားတွေအနေနဲ့ နေအိမ်တွေ ဖောက်ထွင်းခံရတယ်ဆိုတာနဲ့ ရဲကိုချက်ခြင်း အကြောင်းကြားဖို့ လိုအပ်တယ်လို့ တနာရီကျော်ကြာ ဆွေးနွေးပွဲမှာ ဘတ်ဖယ်လိုရဲအရာရှိက ပြောသွားပါတယ်။ ရာဇဝတ်မှုကျူးလွန်သူတွေဟာ လူငယ်အများစုဖြစ်ပြီး လူမည်းတွေ၊ စပိန်ဘာသာစကားပြောလူမျိုးတွေနဲ့ မြန်မာတချို့ပါဝင်တယ်လို့ ကိုဒဲနီရယ်လ်က ပြောပါတယ်။

၂ဝ၁ဝ ပြည့်နှစ်ကစပြီး ဘတ်ဖယ်လိုမြို့မှာ အခြေချနေထိုင်တဲ့ ကရင်ဒုက္ခသည်ဦးရေ တစ်သောင်းကျော်ရှိပါတယ်။ သူတို့အများစုဟာ နယ်စပ် ဒုက္ခသည်စခန်းတွေက လာရောက်ကြသူတွေဖြစ်တာကြောင့် သူတို့ရဲ့ ဘာသာစကားအခက်အခဲဟာ ရာဇဝတ်မှုကျူးလွန်သူတွေရဲ့ အဓိက ပစ်မှတ်ဖြစ်လာရတဲ့အကြောင်း ကိုဒဲနီရယ်လ်က အခုလိုပြောပါတယ်။

“ဒီ ဗမာပြည်က လူတွေကို သူတို့က target လုပ်တယ်ဆိုတာက အင်္ဂလိပ်စကားမတတ်ဘူးဆိုတော့ သူတို့တွေက ပုလိပ်ကို ချက်ခြင်းတိုင်လို့ မရဘူး။ အဲဒါ ပထမအချက်၊ အဲဒါကြောင့် သူတို့တွေကို target လုပ်ပြီးတော့ ခိုးတာရှိတယ်။ အထူးသဖြင့် မိသားစုတွေ သွားလာတာကို သူတို့က စောင့်ကြည့်ပြီးတော့ အချိန်ပေါ့နော်။ အများအားဖြင့်က လူမရှိတဲ့ နေ့ခင်းအချိန်မှာပဲ သူတို့ ဝင်ပြီးတော့ ယူတာပေါ့နော်၊ အဲလိုမျိုးဟာတွေ အများစုက နေ့ခင်းမှာပဲဖြစ်တဲ့ဟာကြီးပဲ။”

အခုလို ရာဇဝတ်မှုတွေအများဆုံးဟာ ၂ဝ၁၄ ခုနှစ်အကုန်ပိုင်းလောက်မှာဖြစ်ပြီး ရဲတွေဘက်က လုံလောက်တဲ့နှိမ်နှင်းမှုမျိုး မတွေ့ခဲ့ရဘူးလို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက နေအိမ်ကို ဖောက်ထွင်းခံခဲ့ရတဲ့ Gywah (ဂေဝါး) က ပြောပါတယ်။

နေအိမ်ဖော်ထွင်းခံရသူ ဂေးဝါး (Gywah) Photo/wgrz.com
နေအိမ်ဖော်ထွင်းခံရသူ ဂေးဝါး (Gywah) Photo/wgrz.com

“တနင်္ဂနွေနေ့ ကျနော်တို့ မိသားစု ဘုရားသွားရှိခိုးတဲ့အချိန်မှာ ပြန်လာပြီးတော့ အိမ်တွေ တွေ့တာ။ သူများဖောက်ပြီးတော့ ပစ္စည်းတွေ တက်ယူတယ်လေ၊ အိမ်ပေါ်မှာ။ ကွန်ပြူတာတို့၊ တစ်လုံး-နှစ်လုံး၊ နောက် အဲဖတို့ အလှူငွေစုဗူး။ စုဗူး နှစ်ဗူးပဲပါတာပဲ။ ဟိုး တချို့လူတွေတော့ ပိုက်ဆံတွေ တော်တော်များများ ပါတဲ့လူတွေလည်း ပါတာပဲ။ ပုလိပ်တွေဘာတွေ လာမေးတော့ သူများလာမေးတော့ ကျနော် ပြောပြတာပေါ့။ ကျနော်တို့ ဒီမှာ သူခိုးကြောင့် ကျနော်တို့ ဒုက္ခခံနေရတယ်။ ကျနော်တို့အတွက် လုံခြုံမှုမရှိဘူးပေါ့။ ဒီအခြေခံလောက် နင်တို့ ရှိတဲ့ပုဂ္ဂိုလ်တွေ တယောက်မှ အရေးယူတာ ကျနော် မတွေ့သေးဘူး-ဆိုတော့ ကျနော်က တင်ပြတာပေါ့။”

သူဟာ ၂ဝ၁ဝ ပြည့်နှစ်မှာ ဘတ်ဖယ်လိုမြို့မှာ အခြေချနေထိုင်ခဲ့သူဖြစ်ပါတယ်။ အဲဒီမြို့က အခြေချနေထိုင်ကြသူတွေထဲမှာမြန်မာ တိုင်းရင်းသားတွေ အပါအဝင် ဆိုမာလီးယားနဲ့ အာဖရိကနိုင်ငံအချို့က လာတဲ့ဒုက္ခသည်တွေ၊ အီရတ်နဲ့ နီပေါလ် နိုင်ငံကလာတဲ့ ဒုက္ခသည်တွေလည်း ရှိကြတာပါ။

လက်ရှိအခြေအနေမှာတော့ ဖောက်ထွင်းခိုးယူမှုတွေကို ရဲတွေဘက်ကအာရုံစိုက်ပြီး ဒေသခံ မြန်မာတိုင်းရင်းသားတွေနဲ့ ပူးပေါင်း ကိုင်တွယ်လာတဲ့အတွက် ရာဇဝတ်မှုခင်းတွေ ကျဆင်းသွားတယ်လို့ ကိုဒဲနီရယ်လ်ကပြောပါတယ်။

XS
SM
MD
LG