သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ်ယာန်ကျောင်းဝင်းထဲ စေတီတည်တဲ့ကိစ္စ ဖြေရှင်းဖို့ ကြိုးစားနေကြ


ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကွမ်းတောကျေးရွာမှာတည်ရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းဝင်းထဲမှာ မြိုင်ကြီးငူဆရာတော်နဲ့ တပည့်တွေက စေတီတည်တဲ့လုပ်ရပ်ဟာ ကရင်ပြည်နယ်တွင်း ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေတယ်လို့ဆိုပြီး အဲဒီဒေသမှာရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တာဝန်ရှိသူတွေက ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။

မြိုင်ကြီးငူဆရာတော် အစီအစဉ်နဲ့ ရဟန်းသာမဏေတွေ၊ နောက်ပါကပ္ပိယတွေ၊ လူငှားတွေ အင်အားရာနဲ့ချီပြီးတော့ ဧပြီလ ၂၃ ရက်နေ့အပြီး စေတီကို တည်ဆောက်နေတာပါ။ အခုတော့ KNU ပြည်ထဲရေးနဲ့ သာသနာရေးဌာနက တာဝန်ရှိသူဟာ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဖြေရှင်းဖို့ သွားနေပါပြီ။ အပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော် ဒီကေဘီအေနဲ့ တိုးတက်သော ကရင် ဗုဒ္ဓဘာသာ အမျိုးသားတပ်မတော် ဒီကေဘီအေ ၂ဖွဲလုံးနဲ့ ထိစပ်ပြီး ကရင်လက်နက်ကိုင်အဖွဲ့ရဲ့နာယကဆရာတော် အဖြစ် တင်မြောက်ခံထားရတဲ့
မြိုင်ကြီးငူဆရာတော်ဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘုရားကျောင်းဝင်း အတွင်းမှာစေတီတော်တဆူကို လူအင်အားသုံးပြီး တည်ဆောက်နေတာပါ။
ဒီလုပ်နဲ့ ပတ်သက်လို့ကရင်အမျိုးသား အစည်းအရုံး ပြည်ထဲရေးနဲ့သာသနာရေးဌာန
တွဲဘက်အတွင်းရေးမှူး မန်းမျိုးမြင့်က အခုလိုပြောပြပါတယ်။

“အဲဒီ အင်ဂလင်ကန် ဘုရားရှိခိုးကျောင်းထဲမှာ မြိုင်ကြီးငူဆရာတော်ကနေပြီးတော့ တစုံတရာ ခွင့်ပြုတောင်းခံ ညှိနှိုင်းခြင်းမရှိပဲနဲ့ မနေ့တုန်းကေါပ ကျနော်တို့ကွမ်းတောကျေးရွာ ဘုရားကျောင်အတွင်းမှာ စေတီတည်တယ်။ ခြံစည်းရိုးတွေကို ရိုက်ချိုးပြီးတော့ ဝင်ရောက်ပြီးတော့ စေတီတည်တာပေါ့နော် အတင်းအဓမ္မဝင်ဆောက်တဲ့အနေအထားတွေဖြစ်တော့ ဒေသခံတွေလည်းစိတ်မကောင်းကြဘူးပေါ့။ အခုလောလောဆယ် ဘယ်သူမှလည်း ဝင်ရောက်ဖြေရှင်းတာမရှိဘူး။ ပြည်ထဲရေးနဲ့ သာသနာရေးဌာနမှူးကတော့ ဒီနေ့ ဘားအံကိုဆင်းသွားပြီးတော့ ကရင်အစိုးရအပါအဝင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့တွေနဲ့သွားတွေ့မယ်။ ဒီကိစ္စကိုဆွေးနွေးဖို့ ဒီနေ့ ဘားအံကို ဆင်းသွားပြီ။”

ကရင်ပြည်နယ်အတွင်းမှာလူမျိုးဘာသာပေါင်းစုံချစ်ကြည်ရေးဆွေးနွေးပွဲတွေမကြာခနပြုလုပ်ခဲ့တာတွေလည်းရှိခဲ့ပြီး ဒီလို ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘုရားကျောင်းဝင်းအတွင်းမှာ လူအင်အားနဲ့ အတင်းအကျပ် စေတီတည်ဆောက်မူဟာ ထိလွယ်ရှလွယ်ဖြစ်နေတဲ့ အချိန်ဖြစ်တာကြောင့် ဘာသာပေါင်းစုံညီညွတ်ရေးကိုထိခိုက်စေနိုင်တယ်လို့လည်း ဆက်ပြောပြပါတယ်။

“အဲဒီ ဘာသာရေးပေါင်းစုံချစ်ကြည်ရေးဆွေးနွေးပွဲတွေ ၊တွေ့ဆွုံဆွေးနွေးပွဲတွေလည်းလုပ်ကြတယ်။ အဲဒီလိုလုပ်နေတဲ့ကြားက ဒီလိုဖြစ်တာတော့မကောင်းဘူးပေါ့အမရယ်။ ကျနော်တို့ကရင်ပြည်နယ်အတွက်လည်း ပုံရိပ်မကောင်းဘူး။ ဒါကတော့ မဖြစ်သင့်တဲ့အနေအထားလေ။”

မြိုင်ကြီးငူဆရာတော်ဟာ အရင်အစိုးရလက်ထက်တုန်းကလည်း ကရင်ပြည်နယ်အတွင်းမှာ ခရစ်ဘာသာဝင်တွေပိုင်တဲ့ နေရာမှာ
အခုလိုအတင်းအကျပ် စေတီတည်ဆောက်မူကိုလုပ်ခဲ့တာပါ။ အခုအစိုးရသစ်လက်ထက်မှာလည်း ထပ်မံလုပ်ဆောင်လာတာဖြစ်လို့ အစိုးရသစ်အနေနဲ့ဘယ်လို ဖြေရှင်းမလဲဆိုတာ ဒေသခံတွေက မျှော်လင့်နေကြတယ်လို့ဆိုပါတယ်။

“မနှစ်ကဆိုရင်လည်း ကျနော်တို့ကရင်ပြည်နယ် သံလွင်မြစ်အနောက်ဘက်ခြမ်းပေါ့ မိဇိုင်းဆိုတဲ့ရွာမှာလည်း အဲလိုပဲပေါ့။ မိဇိုင်းခရစ်ယာန်ဘုရားကျောင်းမှာလည်း စေတီနဲ့ အိမ်ကြောင်းတဆောင်ကိုဆောက်တဲ့အဖြစ်အပျက်တွေလည်းရှိခဲ့တာပေါ့။ ဘယ်သူမှလည်း သေချာတိကျတဲ့ အနေအထားမျိုးနဲ့ ဖြေရှင်းပေးမှုတွေလည်းမရှိဘူးလေ။ အဲဒါကလည်း မနှစ်ကရှိခဲ့တယ်လေ။ အရေးယူဖို့ပေါ့လေ အဲလိုတွေဆက်မလုပ်ဖို့ ကူညီဖြေရှင်းပေးဖို့တောင်းဆိုတာတွေတော့ရှိတယ်ပေါ့။ ဒါပေမယ့် ဘယ်သူမှလည်း တိကျသေချာတဲ့ ဖြေရှင်းပေးတာမရှိဘူးလေ။ဒါကတော့ အရင်အစိုးရလက်ထက်ပေါ့။ ဒါပေမယ့် ဒီအစိုးရအသစ်က ဘယ်လိုဖြေရှင်းပေးမလဲဆိုတောတော့မသိဘူးပေါ့။ လက်ရှိအစိုးရကိုလည်း အများက အားကိုး၊ စိတ်ချတဲ့သဘောမျိုးလည်း ရှိတယ်လေ။ ဒီအစိုးရလက်ထက်မှာ ကောင်းမွန်တဲ့ ရလဒ်တခုကို ကူညီဖြေရင်းမယ်လို့ ဒေသခံတွေက မျှော်လင့်ကြတယ်လေ။”

ဧပြီလ၂၃ရက်နေ့ကတော့ စေတီတော်ကို တည်ဆောက်ပြီးညတွင်းချင်း ထီးတင်တာမျိုး.တွေလုပ်တာမျိုးတွေကြောင့် ဒေသခံခရစ်ယာန်ဘာသာဝင်တွေသာမက ဗုဒ္ဓဘာသာဝင်တွေက ပါ စိတ်မသက်သာဖြစ်နေရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကရင်ပြည်နယ်အစိုးရဘက်ကိုတော့ဆက်သွယ်လို့မရသေးပါဘူး။ကရင်ပြည်နယ်ဝန်ကြီးချုပ်ကတော့နိုင်ငံခြားခရီးစဉ်တခုသွားရောက်နေချိန်လည်းဖြစ်ပါတယ်။ဒီကိစ္စအပေါ်မှာ အရင်အစိုရတုန်းကလည်းတာဝန်ရှိခဲတဲ့ လက်ရှိအစိုးရသစ်က သာသနာရေးဝန်ကြီးအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ကိုလည်း ဒေသခံတွေ

ဒီလုပ်ရပ်ကြောင့် လူမျိုးရေး ဘာသာရေး ထိလွယ်ရှလွယ်ဖြစ်ခဲ့ပြီး ပဋိပက္ခတွေဖြစ်ခဲ့တဲ့မြန်မာနိုင်ငံတွင်းမှာ နောက်ထပ်ဘာသာရေးအရ နှစ်ဘက်တင်းမာမူတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်တာကြောင့် ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ပြည်ထဲရေးနဲ့ သာသနာရေးဌာန တာဝန်ခံကိုယ်တိုင်သွားရောက်ဖြေရှင်းဖို့အတွက်
ဘားအံမြို့ကို ခရီးထွက်နေပြီဖြစ်ကြောင်းကေအန်ယူဘက်ကတော့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG