သုံးရလွယ်ကူစေသည့် Link များ

ဘော်လကန်နိုင်ငံတွေ နယ်စပ်ပိတ်ဖို့ ခြိမ်းခြောက်

  • ဗွီအိုအေ (မြန်မာဌာန)

ဘူဂေးရီးယား ဝန်ကြီးချုပ် Boyko Borisov

ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံးကြုံနေရတဲ့ ဒုက္ခသည်ပြဿနာကို အရေးပေါ်ဆွေးနွေးကြဖို့ ဥရောပခေါင်းဆောင်တွေ ပြင်ဆင်နေချိန်မှာပဲ မြောက်ပိုင်းက အီးယူအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို လက်ခံနေတာတွေရပ်ဆိုင်းမယ်ဆိုရင် ဘူဂေးရီးယား၊ ရိုမေးနီးယားနဲ့ ဆားဘီးယားနိုင်ငံတွေက သူတို့ရဲ့နယ်စပ်တွေကို ပိတ်ပစ်မယ်လို့ စနေနေ့က ခြိမ်းခြောက်ခဲ့ပါတယ်။

ပြဿနာကို ဥရောပတခုလုံးအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြေရှင်းတာမျိုး ၃ နိုင်ငံစလုံးကလိုလားပေမဲ့ ထောင်သောင်းချီ ရောက်လာနေသူတွေကို ကြားကနေ ကြားခံပေးထားဖို့ အတွက်တော့ ပြင်ဆင်မထားဘူးလို့ ဘူဂေးရီးယားဝန်ကြီးချုပ် ဘွိုင်ကို ဘောရစ်ဆော့ဗ် (Boyko Borisov) က ပြောဆိုခဲ့တာပါ။

ဒီနှစ်ထဲမှာပဲ ဥရောပကို လူပေါင်း ၆ သိန်း ၇ သောင်း အထိ ဝင်ရောက်လာတဲ့ ပြဿနာနဲ့ပတ်သက်လို့ နိုင်ငံတွေကြား ပူးပေါင်းဖြေရှင်းကြဖို့ တောင်းဆိုခဲ့တဲ့ ဥရောပကော်မရှင်နာမင်းကြီး ယန် ကလော့ ဂျန်ကာ (Jean-Claude Juncker) ရဲ့ တိုက်တွန်းချက်နဲ့ ဆွေးနွေးပွဲတွေ မစခင်မှာပဲ ဘူဂေးရီးယားမြို့တော် ဆိုဖီယာမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဒီပြဿနာကြောင့် ဥရောပရဲ့နယ်စည်းမခြားခရီးသွားလာခွင့်ရှိတဲ့ ရှန်ဂန်စနစ်ကို ခြိမ်းခြောက်လာနေတဲ့အချိန်မှာပဲ ဒီလို အလုံးအရင်းနဲ့ဝင်ရောက်လာ နေတဲ့အတွက်လည်း ဟန်ဂေရီနိုင်ငံက ဆားဘီးယား၊ ခရိုအေးရှား နိုင်ငံတွေနဲ့ နယ်စပ်တွေကို အစောတလျှင် ပိတ်လိုက်ချိန်မှာပဲ ဆလိုဗေးနီးယား က လည်း အလားတူ လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဥရောပတခုလုံးအနေနဲ့ ဘုံရပ်တည်ချက်နဲ့ဖြေရှင်းတာက အကောင်းဆုံးဖြစ်မယ်လို့ ၃ နိုင်ငံစလုံးက ပြောဆိုထားပေမဲ့ တခြားနိုင်ငံတွေကလည်း ဟန်ဂေရီလို လုပ်လာမယ်ဆိုရင်တော့ သူတို့လည်း လုပ်ရလိမ့်မယ်လို့လည်း ဘူဂေးရီးယားဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG