သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား လက်နက်ကိုင်များ ဒေါ်စုကမ်းလှမ်းချက်လက်ခံ


တိုင်းရင်းသား လက်နက်ကိုင်များ ဒေါ်စုကမ်းလှမ်းချက်လက်ခံ
တိုင်းရင်းသား လက်နက်ကိုင်များ ဒေါ်စုကမ်းလှမ်းချက်လက်ခံ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးအဖြေရှာဖို့ ပန်ကြားချက်အပေါ် မြန်မာအစိုးရကို လက်နက်စွဲကိုင် ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့အားလုံးနီးပါး ပါဝင်တဲ့ ညွှန့်ပေါင်းအဖွဲ့ကြီးက သဘောတူထောက်ခံတဲ့အကြောင်း ပြန်ကြားလိုက်ပါတယ်။ နေပြည်တော်က အစိုးရအနေနဲ့ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်ရင် အခုအချိန်ဟာ အချိန်ကောင်းဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း အပြည့်စုံကိုတော့ ဦးစံမိုးဝေက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး အဆိုပြုချက်ကို ဒီကနေ့ သဘောတူထောက်ခံကြောင်း ထုတ်ပြန်လိုက်တဲ့အဖွဲ့အစည်းကတော့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) ဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ပအို့ဝ်၊ ပလောင်၊ လားဟူ အစရှိတဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပါဝင်ကြတာပါ။ ပြည်တွင်းရော ပြည်ပကပါ ထောက်ခံမှုရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးအတွက် ပန်ကြားနေပြီ၊ လက်နက်ကိုင် တိုင်းရင်းသားတွေ ကလည်း ထောက်ခံကြောင်း ထုတ်ပြန်နေပြီ ဖြစ်တာကြောင့် နေပြည်တော်အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတယ်ဆိုရင် ဒါဟာ အခွင့်အရေးတခု ဖြစ်ပါတယ်လို့ UNFC အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဗွီအိုအေကို ပြောပါတယ်။

“သူ့ရဲ့နောက်မှာ ပြည်သူလူထု အများစုကြီးက ရှိပါတယ်။ နိုင်ငံတကာကလည်း သူ့အပေါ်မှာ စာနာမှုတွေ၊ ယုံကြည်မှုတွေ အများကြီးရှိတဲ့အပေါ်မှာ သူက ဒီလိုပြောလိုက်တော့ ဒီအခြေအနေအပေါ်မှာပေါ့နော်၊ သမ္မတ ဦးသိန်းစိန်ကလည်း သူ့ရဲ့မိန့်ခွန်းထဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ချင်တယ်ဆိုတဲ့ သဘောထားတွေ ပြောထားတဲ့အပေါ်မှာ အခု ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလိုပြောလာတယ်၊ ကျနော်တို့ တိုင်းရင်းသားတွေကလည်း ဒီအပေါ် သဘောထားတွေကို ထုတ်ပြန်ပြီးပြီဆိုတော့ တကယ်လို့များ အကောင်းဘက်ကို ပြောင်းလဲစေချင်တယ်၊ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ် ဆိုရင်တော့ ဒါက အချိန်ကောင်း အခါကောင်းကို လက်မလွှတ်စေချင်ဘူးလို့ ကျနော်တော့ ပြောချင်တယ်။”

မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးများအားလုံးရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ အဖြေရှာဖို့နဲ့ အမြန်ဆုံး အပစ်အခတ်ရပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဂျူလိုင်လ ၂၈ ရက်နေ့မှာ အဓိက လက်နက်ကိုင် ပဋိပက္ခမှာ ပါဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့နဲ့ နေပြည်တော်က အစိုးရထံကို အိတ်ဖွင့်ပေးစာပို့ပြီး ပန်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီပန်ကြားချက်ကို တိုင်းရင်းသားလူမျိုးများကောင်စီ ENC နဲ့ ဇိုမီး သွေးစည်းညီညွတ်ရေးအဖွဲ့ တို့ကလည်း မကြာခင်ကပဲ ဆင့်ကဲဆိုသလို ထောက်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ နေပြည်တော်က အရပ်သားအစိုးရရဲ့ အပြုအမူဟာ အရင်စစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံနဲ့ မကွာခြားလှတဲ့အတွက် မျှော်လင့်ချက်တော့ သိပ်ထားလို့မရဘူးလို့ နိုင်ဟံသာက ပြောပါတယ်။

“ကျနော်တို့ စိတ်ထင်ကတော့ ဒီအစိုးရအနေနဲ့ လက်ခံလိမ့်မယ်လို့တော့ မထင်ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲပြီးတဲ့နောက် ဦးသိန်းစိန် အစိုးရခေတ်မှာပဲ ရှမ်းနဲ့ကချင်တွေကို ထိုးစစ်ကြီးတွေ ဆင်နေတာ။ ဒါကလဲ တပိုင်းပေါ့ဗျာ။ နောက်ပြီးတော့ ဒီအစိုးရသစ်က အရှေ့က အဟောင်းနဲ့ သိပ်ကွာခြားတာမဟုတ်ဘူး။ စစ်ယူနီဖောင်း ချွတ်ပြီးတော့ အရပ်သားဝတ်လဲတာပဲ ရှိမယ်။ စစ်အစိုးရဟောင်းတုန်းကဆိုရင်လဲ အနှစ် ၂၀ ကျော် အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပြီးတော့မှ နိုင်ငံရေးအရ ဘာမှမဖြေရှင်းဘဲနဲ့ နောက်ဆုံးကတော့ ဒီတိုင်းရင်းသားတွေရဲ့ တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းဖို့ပေါ့ဗျာ။ ဒါဟာ ဖျက်စီးတာပဲလို့ ကျနော်မြင်တယ်လေ။ သူတို့ကတော့ ဒါက တကယ်လို့ နိုင်ငံရေးအရ ဖြေရှင်းချင်တယ်ဆိုရင် ဖြေရှင်းလို့ရပါတယ်။”

မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားရေးပြဿနာကို လက်နက်နဲ့ဖြေရှင်းဖို့ ကြိုးစားလာခဲ့တာ ဆယ်စုနှစ်များစွာ ရှိခဲ့ပြီးပါပြီ။ ဒီကနေ့အထိ မအောင်မြင်သေးတာကို သင်ခန်းစာယူကြဖို့သင့်ပြီလို့ နိုင်ဟံသာက ဆိုပါတယ်။

“ကျနော်တို့ ပြည်ထောင်စုတွင်းမှာရှိနေတဲ့ တိုင်းရင်းသား သွေးစည်းညီညွတ်မှု ပျက်ပြားနေတဲ့ပြဿနာကို စစ်ရေးနည်းနဲ့ဖြေရှင်းလာတာ နှစ်ပေါင်း ၅၀ ကျော်ပြီ။ နိုင်ငံလည်း တော်တော်ကို နစ်မွန်းနေပြီ။ ပြည်သူတွေလည်း တော်တော်လေးကို ဒုက္ခရောက်နေပြီ။ ဒီအချိန်မှာ သင်ခန်းစာတော့ ရယူဖို့သင့်ပြီလို့ ကျနော်တို့က အဲဒီလို ပြောချင်တယ်လေ။”

UNFC အဖွဲ့ကြီးရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ ပြောသွားတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုပြုပန်ကြားချက် အိတ်ဖွင့်ပေးစာနဲ့ပတ်သက်ပြီး သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ့ဘက်ကတော့ ဒီကနေ့အထိ တုံ့ပြန်ချက်တစုံတရာ မတွေ့ရသေးပါဘူး။

XS
SM
MD
LG